Home / ဇီးကုန်းမြို့နယ် / မိမိတို့ပြည်သူအစိုးရ၏ အာဏာသည် ပြည်သူ့လက်ထဲတွင်သာရှိသည်ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းပြောကြား

မိမိတို့ပြည်သူအစိုးရ၏ အာဏာသည် ပြည်သူ့လက်ထဲတွင်သာရှိသည်ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းပြောကြား

ဧပြီ ၂၆ (ဇီးကုန်း)
=======================

ဧပြီလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့၊ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရှေးယခင်ဘုရင်စနစ်မှတိုင် ခေတ်အဆက်ဆက် အကြောက်တရား အခြေခံပြီး အမိန့်အာဏာများနှင့် ပြည်သူကိုအုပ်ချုပ်ခဲ့ကြောင်း၊ ယနေ့မျက်မှောက်ခေတ်ကာလသည် ဒီမိုကရေစီဝါဒ တစ်နည်းအားဖြင့် မိမိတို့ပြည်သူ့အစိုးရ၏ အာဏာသည် ပြည်သူ့လက်ထဲတွင်သာ ရှိသည်ဆိုတဲ့အတိုင်း ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်သော ဒီမိုကရေစီအုပ်ချုပ်ရေး လမ်းစဉ်သည်သာ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း၊ ဒီမိုကရေစီဝါဒကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်ကြိုးစားခဲ့သော်လည်း နှစ်ပေါင်းများစွာ အောင်မြင်မှုမရခဲ့ကြောင်း၊ ယခုအချိန်သည် အခွင့်အခါကောင်းဖြစ်၍ ပြည်သူများလည်း ဒီမိုကရေစီလူ့ယဉ်ကျေးမှု အသိုင်းအဝန်းတစ်ခု ပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးစားရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲ ပြုလုပ်ခြင်းသည် ပြည်သူတို့၏ပြဿနာများကို အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ညှိနှိုင်းပေါင်းစပ် ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အတ္တဝါဒ၊ အာဏာရှင်ဆန်တဲ့ ရေသောက်မြစ်ဖြစ်သော ပညာရေးစနစ်မှ ဒီမိုကရေစီစနစ်ကို အခြေပြုပြီး အသိပညာကို အခြေခံသော တွေးတောခြင်း၊ စဉ်းစားခြင်း ဝိုင်းဝန်းဆွေးနွေး အဖြေရှာသည့် ပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ယခုလိုပြောင်းလဲမှုသည် အနာဂတ်တွင်  ဒီမိုကရေစီစနစ်ကို အခြေခံသော နိုင်ငံခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာစေရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းက ပြည်သူ့လူထုတွေ့ဆုံပွဲတွင် အကျိုးရှိတဲ့ကိစ္စရပ်များကို ထိထိမိမိတင်ပြပေးရန်၊ ပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ထိတွေ့ဆက်ဆံရာတွင်  ဖြစ်ပေါ်နေရသည့် အခက်အခဲများ တင်ပြပေးကြရန်နှင့် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၏ အခက်အခဲများကို နားလည်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဘဲအင်းကျေးရွာအုပ်စုမှ စမ်းဘိုရွာရေတံခါးအတွင်း ရေလွှတ်ပေးနိုင်ခြင်းမရှိ၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ အမှတ်(၃)ရပ်ကွက်မှ ရန်ကင်းရပ်တွင် မိုးတွင်း၌ မင်းဘူးချောင်းရေတိုက်စားမှုရှိ၍ ရေတိုက်စားမှုအား ကာကွယ်ပေးရန်ကိုလည်းကောင်း၊ သင်းကန်ကျေးရွာအုပ်စုမှ ရွှေဖလားကျေးရွာနှင့် သင်ကန်းကျေးရွာ နွေးစပါး စိုက်ပျိုးရေးရရှိရေးကိုလည်းကောင်း၊ ကံကလေးကျေးရွာအုပ်စုမှ မော်ရချောင်းပိတ်ရေတံခါး ပျက်စီးနေမှုအား ပြန်လည်ပြင်ဆင်ပေးရန်ကိုလည်းကောင်း၊ သရက်တပင်အုပ်စုမှ ဇီးကုန်း-သပြေစိန် ကျောက်ချောလမ်းအား ပြန်လည်ပြုပြင်ပေးရန်ကိုလည်းကောင်း၊ ကဇင်းကြီးကျေးရွာအုပ်စုမှ မင်းဘူးချောင်းကူးတံတားအား ကွန်ကရစ်ချောင်းကူးတံတားအဖြစ် တည်ဆောက်ပေးရန်ကိုလည်းကောင်း၊ ရွှေကြို့ပင်ကျေးရွာအုပ်စုမှ ကျွန်းတောကျေးရွာအား မြစိမ်းရောင်ချေးငွေဖြင့် မီးလင်းရေး စတင်ဆောင်ရွက်ခွင့်ပေးရန်နှင့် ကျွန်းတောကျေးရွာအဝင်တံတားအား ပြန်လည်ပြုပြင်တည်ဆောက်ပေးရန်ကိုလည်းကောင်း၊ ဘုရားကြီးကုန်းကျေးရွာအုပ်စုမှ MDY-8 မြောင်းဘောင် မြေသားကုန်ထုန်လမ်းအား ကျောက်ခင်းလမ်းအဆင့်တိုးမြှင့်ပေးရန်ကိုလည်းကောင်း၊ ရွာဝိုင်းကြီးကျေးရွာအုပ်စုမှ အုတ်ဖိုကျေးရွာနှင့် သစ်နဖားကတ္တရာလမ်းသို့ ဆက်သွယ်ထားသည့် တာဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ဇရပ်လှကျေးရွာအုပ်စုမှ လေးမျက်နှာ-ညောင်ဝိုင်း ရွာချင်းဆက်လမ်းအား ကျောက်ချောလမ်း ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ရွှေဖလားရွာတွင်းလမ်းသည် နေ့စဉ်ကားကြီးများသွားလာနေသဖြင့် ပျက်စီးသွားပါက မည်သည့်ဌာနမှ ပြုပြင်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်းကိုလည်းကောင်း၊
နွားတဲကုန်းကျေးရွာအုပ်စုမှ ပန်းတင်လေးကျေးရွာ၊ ကွင်းအမှတ်(၃၆၅-က)တွင် ချောင်းကူးတံတားဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ မယင်းကျေးရွာအုပ်စုမှ သဲခုံကြီးတံတား ပြန်လည်ပြင်ဆင်ပေးရန်ကိုလည်းကောင်း၊ ဇီးကုန်းမြို့မှ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက်ကြားရှိ ဂုံးလမ်းမကြီးအား အဆင့်မြင့်လမ်းအဖြစ် ပြုပြင်ဆောင်ရွက်ပေးရန်၊ ဘုရားကြီးကုန်းအုပ်စုမှ ဇီးကုန်း-ဘုရားကြီးကုန်း-သင်းကန်-ရွှေဖလားလမ်းမကြီးအား ကွန်ကရစ်လမ်း(သို့)ကတ္တကရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊  ဘုရားပျိုကျေးရွာအုပ်စုမှ ကံကြီးသစ်တောကြိုးဝိုင်းအတွင်း စိုက်ပျိုးထားသည့်လယ်ယာမြေများ ပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ရွာဝိုင်းကြီးကျေးရွာအုပ်စုမှ သက္ကပြင်ကျေးရွာတွင် ကိုယ်ထူကိုယ်ထ (400 V) လိုင်းနှင့် ထရန်စဖော်မာ တပ်ဆင်ထားပြီးဖြစ်သော်လည်း 11KV လိုင်း တပ်ဆင်ခွင့်ရရှိနိုင်ရေးကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။