Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မိုးညိုမြို့ ဗုဒ္ဓမြတ်စွယ်တော်(၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

မိုးညိုမြို့ ဗုဒ္ဓမြတ်စွယ်တော်(၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

နိုဝင်ဘာ ၁၇ (မိုးညို)
================

နိုဝင်ဘာလ(၁၇)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က မိုးညိုမြို့ ဗုဒ္ဓမြတ်စွယ်တော် ကျွန်းကျောင်း ကျောင်းတိုက်တွင် မိုးညိုမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓမြတ်စွယ်တော် (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနားကျင်းပပြုလုပ်သည်။
ဆရာတော် သံဃာတော်များနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဌအမှုးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် ဝေဇယန္တာကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဂန္ဓကုဋီတိုက်၌ ကိန်းဝပ်စံပါယ်လျှက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်အား အပူဇော်ခံဓမ္မာရုံပလ္လင်ပေါ်သို့ ဆရာတော်ကြီးများ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်လူပရိတ်သတ်များက လက်ဆင့်ကမ်းပင့်ဆောင်ပူဇော်ကြပြီး ဆရာတော်သံဃာတော်တို့က ရောင်ခြည်တော်ဘုရားပင့်ဂါထာရွတ်ဆိုပူဇော်ခြင်း၊ ဗုဒ္ဓဘိသေကမင်္ဂလာဆင်ယင်ကျင်းပပူဇော်ခြင်း၊ နတ်/ဗြဟ္မာတို့အား ပင့်ဖိတ်ခြင်းများပြုလုပ်ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက သာသနာရေးဆိုင်ရာများလျှောက်ထားကာ နိုင်ငံတော်သြဝါဒစရိယဆရာတော်က သြဝါဒကထာမြွက်ကြားတော်မူပြီး ဆရာတော်ကြီးများ လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အလှူရှင်များက ဂေါပကအဖွဲ့ထံအလှူ ငွေများပေးအပ်လှူဒါန်းများပြုလုပ်ကြသည်။
မိုးညိုမြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓမြတ်စွယ်တော် (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတွင် ဆရာတော်သံဃာတော်အရှင်သူမြတ်များက (၃)ရက်တိုင်တိုင် ဗုဒ္ဓမြတ်စွယ်တော်အား ပဌာန်းတရားဖြင့်ရွတ်ဆိုပူဇော်ကြမည်ဖြစ်ကြောင်းသိရသည်။