Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

သြဂုတ် ၇ (ပဲခူး)
=======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြန်လည်ပြင်ဆင်နိုင်ရေးကိုလည်း အချိန်တစ်ခု ထပ်တိုးပေးထားသည်ကို သိရှိရကြောင်း၊ ဒီအခြေအနေမှာ (၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း ဆန္ဒမဲပေးနိုင်ရေး စာရင်းဇယားများ မှန်ကန်ရန်အထူးလိုအပ်ကြောင်း၊ ပြည်သူများ၏ အသံကို ဂရုစိုက်နားထောင်ပြီး ချက်ခြင်းသိ၊ ချက်ခြင်းလုပ် ဆိုတဲ့စကားအတိုင်း ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ မဲစာရင်း ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းတို့ ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်အား ရပ်ကွက်/ကျေးရွာအဆင့်ထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ရန် အသိပညာပေးခြင်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက မဲဆန္ဒရှင်စာရင်း ပြည်သူများ လွယ်ကူစွာ ကြည့်ရှုနိုင်စေရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရေး ခရိုင်အလိုက် ဆောင်ရွက်ပေးမှုအခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောာင်မြင့်က မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ချက်၊ ကန့်ကွက်ချက်များအပေါ် နေ့စဉ်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းက ကျေးရွာအုပ်စုအလိုက် မှတ်ပုံတင်ရရှိရေး ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေနှင့် ဝန်ထမ်းအင်အားစာရင်းကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဆောင်ရွက်နေမှုအခြေအနေနှင့် ရွေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ သတ်မှတ်ချက်များနှင့်အညီ မဲပေးနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးသည် ခရိုင်(၄)ခု၊ မြို့နယ်(၂၈)မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အတွက် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးနိုင်မည့် လူဦးရေမှာ ပဲခူးခရိုင်တွင်(၁၃၉၉၁၈၇)ဦး၊ တောင်ငူခရိုင်တွင် (၈၆၂၅၉၁)ဦး၊ ပြည်ခရိုင်တွင်(၇၁၃၃၅၈)ဦး၊ သာယာဝတီခရိုင်တွင် (၈၄၁၂၂၀)ဦးရှိပြီး တိုင်းဒေသကြီးစာရင်းချုပ်အနေဖြင့် ဆန္ဒမဲပေးနိုင်မည့် လူဦးရေစုစုပေါင်း (၃၈၁၆၃၅၆)ဦးရှိကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။