Home / ပဲခူးမြို့နယ် / မြစ်ကမ်းပြိုကျမှုများ ကာကွယ်နိုင်ရေး နည်းပညာများ လာရောက်ရှင်းလင်းတင်ပြ

မြစ်ကမ်းပြိုကျမှုများ ကာကွယ်နိုင်ရေး နည်းပညာများ လာရောက်ရှင်းလင်းတင်ပြ

သြဂုတ် ၂၇ (ပဲခူး)
=================

သြဂုတ်လ (၂၇)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ မြစ်ကမ်းပြိုကျမှုများ ကာကွယ်နိုင်ရေးအတွက် နည်းပညာများအား Crection Communications Int’l Construction Co., Ltd၊ ဒါရိုက်တာ ဒေါ်လဲ့လဲ့ဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် ရှင်းလင်းတင်ပြသည်။
ရှေးဦးစွာ ဒါရိုက်တာ ဒေါ်လဲ့လဲ့ဝင်းက လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ တွံ့တေးတူးမြောင်း ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရခိုင်ပြည်နယ်အတွင်း မြေထိန်း နံရံများ ဆောင်ရွက်ခဲ့မှုအခြေအနေများအားလည်းကောင်း၊ ပိုလန်နိုင်ငံအခြေစိုက် Pietrucha Group , Mr. Robert Kuarshi က အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်ထားသောထုတ်လုပ်သည့် Plastic Sheet Pile နှင့် လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြစ်ရေကြီး/ရေလျှံမှုသည် နှစ်အပိုင်းအခြားအလိုက်သာဖြစ်ပြီး၊ လက်ရှိ စစ်တောင်းမြစ်ဝ ကမ်းပါးပြိုကျမှုသည် နေ့စဉ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဒီအခြေအနေ တစ်ရပ်ကို ကျော်လွှားနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့မှလည်း ပြည်ပပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရပိုင်းမှလည်း လုပ်နိုင်သည့်အပိုင်းများအား ရရှိသည့် ဘတ်ဂျက်ငွေအပေါ် မူတည်ဆောင်ရွက်နေရကြောင်း၊ စစ်တောင်းမြစ်ဝသည် ပင်လယ်ဒီရေတက် သည့်အချိန်တွင် ရေလိုင်းအလွန်ကြီးများမြန်ဆန်ကြောင်း၊ ဒါကြောင့် ရေလမ်းကြောင်းလွဲနိုင် သည့် နည်းလမ်းဖြင့် Pilot Project ဖြင့် ဆောင်ရွက်ရန် ရည်ရွယ်ချက်ရှိပါကြောင်း ယခုလို နိုင်ငံတကာအဆင့်မီ ကမ်းပြိုကာကွယ်ရေးနည်းပညာနှင့် ဆက်စပ်ပစ္စည်းများအား လာရောက် မိတ်ဆက်ရှင်းလင်းတင်ပြမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Crection Communications Int’l Construction Co., Ltd၊ ဒါရိုက်တာ ဒေါ်လဲ့လဲ့ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။