Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈) ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်

မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈) ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်

အောက်တိုဘာ ၂၉ (ပဲခူး)
=================

ပဲခူးမြို့နယ်၊ ရှမ်းရွာကြီးကျေးရွာတွင် အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ၊ မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်၊ ရှမ်းရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေတို့မှ လမ်းညွှန်အမှာစကားပြောကြားပြီး စာကြည့်တိုက်အလှူရှင် မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်က စာကြည့်တိုက်ဆောက်လုပ်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအထိမ်းအမှတ်အလံများအား ဝန်ကြီးချုပ်နှင့် အလှူရှင် မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်တို့အား ရှမ်းရွာကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးဝင်းနှင့် စာကြည့်တိုက်ကော်မတီ ဥက္ကဌတို့က ပေးအပ်ကြသည်။
ယင်းနောက် ရှမ်းရွာကြီးကျေးရွာ မြန်မာမုဒိတာဖောင်ဒေးရှင်း စာကြည့်တိုက်အမှတ်(၈)အတွက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ ဥက္ကဌ ဒေါက်တာ ဦးအောင်ခင်တို့မှ အလှူငွေများ ပေးအပ်လှူဒါန်းကြပြီး တာဝန်ရှိသူများအား စာကြည့်တိုက်ကော်မတီမှ ဖွင့်ပွဲအလံများ ပေးအပ်ကြသည်။
မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၈)သည် အလျား(၂၈)ပေ၊ အနံ(၁၄)ပေ၊ အမြင့်(၁၅)ပေရှိ တစ်ထပ်အဆောက်အဦဖြစ်ပြီး သုတ၊ ရသ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ (၁၃၀၀)ကျော် ထားရှိထားကြောင်း သိရသည်။ စာကြည့်တိုက်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် အောက်တိုဘာလ(၂၈)ရက်နေ့ ညပိုင်းတွင် နိုင်ငံကျော်တရားဟောဆရာတော် ဓမ္မကထိက၊ နယ်လှည့်သာသနာပြု ကြာနီကန်ဦးရေဝတ(ဝါးခယ်မ)ဆရာတော်မှ တရားရေအေးအမြှိုက်ဆေးကို တိုက်ကျွေးဟောပြောမည်ဖြစ်ပြီး (၂၉)ရက်နေ့ညပိုင်းတွင် ကျေးရွာသူ/သားများ စာပေဗဟုသုတရရှိစေရန် စာရေးဆရာမီးအိမ်ရှင် ဒေါက်တာနိုက်တင်ဂေးလ်(ခ)ယဉ်မင်းဦး (ဆေးတက္ကသိုလ်)နှင့် ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဗေလုဝတို့မှ ဟောပြောကြမည်ဖြစ်ကြောင်း သိရသည်။
မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်းကြီးကို ၂၀၁၁ခုနှစ်တွင် အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန်၊ စာကြည့်တိုက်များ ဖွင့်လှစ်ပေးရန်၊ သောက်သုံးရေကန်များ တူးဖော်ပေးရန်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပါဝင်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်လှူဒါန်းရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသများအား သွားရောက်ကူညီပေးရန်တို့အတွက် စတင်တည်ထောင်ခဲ့ပြီး အဆိုပါအသင်းကြီးမှ စာကြည့်တိုက်များ ဖွင့်လှစ်ပေးမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်အတွင်း၂၀၁၂ ခုနှစ်တွင် ကမာစဲကျေးရွာ၌ အမှတ်(၁)စာကြည့်တိုက်၊ ၂၀၁၄ ခုနှစ်တွင် မင်းရွာကျေးရွာ၌ အမှတ်(၂)စာကြည့်တိုက်၊ ၂၀၁၆ခုနှစ်တွင် ကသဲကုန်းကျေးရွာ၌ အမှတ်(၃)စာကြည့်တိုက်နှင့် ကုလားချောင်းကြီးကျေးရွာတွင် အမှတ်(၄)စာကြည့်တိုက်၊ ၂၀၁၈ ခုနှစ်တွင် တံခွန်တိုင်ကျေးရွာ၌ အမှတ်(၅)စာကြည့်တိုက်၊ ၂၀၁၉ ခုနှစ်တွင် ကျွန်းကြီးကျေးရွာ၌ အမှတ်(၆)စာကြည့်တိုက်၊ လှာပကစ်ကျေးရွာတွင် အမှတ်(၇)စာကြည့်တိုက်နှင့် ယခုပဲခူးမြို့နယ် ရှမ်းရွာကြီးကျေးရွာတွင် စာကြည့်အမှတ်(၈)တို့အား ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။