Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်းတက်ရောက်

မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်းတက်ရောက်

ဇွန် ၂၉ (သနပ်ပင်)
================

ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ လှာပကစ်ကျေးရွာတွင် ဇွန်လ(၂၉)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်၊ လှပကစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဝင်းတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လှပကစ်ကျေးရွာ သောက်ရေကန်ပေါင်ပေါ်တွင် သစ်ပင်စိုက်ပျိုးပေးကြပြီး ကျောင်းသား/သူများနှင့် ကျေးရွာသူ/သားများ အားကစားပြုလုပ်နိုင်ရန်အတွက် ကျောင်းအုပ်ဆရာကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အားကစားဘောလုံးများ ပေးအပ်ခဲ့သည်။
မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)သည် အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေရှိ တစ်ထပ်အဆောက်အဦဖြစ်ပြီး သုတ၊ ရသ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ (၈၅၀)ကျော် ထားရှိထားကြောင်း သိရသည်။
မြန်မာမုဒိတာဖောင်ဒေးရှင်း အသင်းကြီးအား ၂၀၁၁ခုနှစ်တွင် အရိပ်ရသစ်ပင်များစိုက်ပျိုးပေးရန်၊ စာကြည့်တိုက်များဖွင့်လှစ်ပေးရန်၊ သောက်သုံးရေကန်များတူးဖော်ပေးရန်၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ပေးရန်၊ သာသနိကအဆောက်အဦးများ ဆောက်လုပ်လှူဒါန်းရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအား သွားရောက်ကူညီပေးရန်အတွက် စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါအသင်းကြီးမှ သနပ်ပင်မြို့နယ်အတွင်း၌ ၂၀၁၂ခုနှစ်တွင် ကမာစဲကျေးရွာ၌ အမှတ်(၁)စာကြည့်တိုက်၊ ၂၀၁၄ခုနှစ်တွင် မင်းရွာကျေးရွာ၌ အမှတ်(၂)စာကြည့်တိုက်၊ ၂၀၁၆ခုနှစ်တွင် ကသဲကုန်းကျေးရွာ၌ အမှတ်(၃)စာကြည့်တိုက်နှင့် ကုလားချောင်းကြီးကျေးရွာတွင် အမှတ်(၄)စာကြည့်တိုက်၊ ၂၀၁၈ခုနှစ်တွင် တံခွန်တိုင်ကျေးရွာ၌ အမှတ်(၅)စာကြည့်တိုက်၊ ၂၀၁၉ခုနှစ်တွင် ကျွန်းကြီးကျေးရွာ၌ အမှတ်(၆)စာကြည့်တိုက်များကို ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။