Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ် ထူးချွန်အမျိုးသမီးများအား ဆုများပေးအပ်ချီးမြှင့်

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ် ထူးချွန်အမျိုးသမီးများအား ဆုများပေးအပ်ချီးမြှင့်

ဇူလိုင် ၃ (ပဲခူး)
==========================

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့ နံက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှဦးဆောင်၍ ၂၀၁၉ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အမျိုးသမီးများအနေဖြင့် ရလာသည့်အခွင့်အရေး လုပ်ပိုင်ခွင့်များကို အကျိုးရှိစွာအသုံးချပြီး ပညာဗဟုသုတပြည့်ဝအောင် ဖြည့်ဆည်းကြရန်၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ပညာပြည့်ဝ နှလုံးလှသူများဖြစ်အောင် ပြုမူနေထိုင်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိသူများ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲအသီးသီးတွင် ရွှေတံဆိပ်ရရှိသူများနှင့် ပထမဆုရရှိကြသည့် ထူးချွန်အမျိုးသမီးများအား ဝန်ကြီး၊ စာရင်းစစ်ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ ဥက္ကဌ ဒေါ်နော်ပွယ်စေးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် Video Clipကို ပြသကြည့်ရှုကာ ပြသထားသော လှုပ်ရှားပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၉၅ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၌ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ် အမျိုးသမီးရေးရာကမ္ဘာ့ညီလာခံကို တက်ရောက်ခဲ့ပြီးနောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးကို တက်ကြွစွာဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားအနေဖြင့် အစိုးရအဖွဲ့အစည်းများသာမက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ ဖွဲ့စည်းခဲ့သည့်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဇူလိုင်လ(၃)ရက်နေ့ရောက်တိုင်း တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် အထိမ်းအမှတ်ပွဲများကျင်းပခြင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ သစ်ပင်စိုက်ပွဲတော်များ ကျင်းပများပြုလုပ်ကြကြောင်း သိရသည်။
အခမ်းအနားသို့ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဌ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအမျိုးသမီးကော်မတီဝင်များ၊ အမျိုးသမီးရေးရာကော်မတီဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ မြန်မာအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။