Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်အကျုံးဝင်မှု တိုးမြင့်ရေးအတွက် အရေးဆိုတင်ပြခြင်းဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကျင်းပ

မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်အကျုံးဝင်မှု တိုးမြင့်ရေးအတွက် အရေးဆိုတင်ပြခြင်းဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကျင်းပ

ဇန်နဝါရီ ၂၃ (ပဲခူး)
=====================

ပဲခူးမြို့ သီရိဟံသာခန်းမတွင် ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က မြန်မာ့ဒီမိုကရေစီအကူးအပြောင်းတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့်အကျုံးဝင်မှု တိုးမြင့်ရေးအတွက် အရေးဆိုတင်ပြခြင်းဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲအခမ်းအနားကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူ းဒေါ်မြင့်မြင့်ကြည်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ ညှိနှိုင်းရေးမှူး ဒေါ်ယုယုဆွေက ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် အကျုံးဝင်မှုတို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ညှိနှိုင်းရေးမှူး ဒေါ်ယုယုဆွေက မြန်မာနိုင်ငံရှိမသန်စွမ်းသူများ၏ လက်ရှိအခြေအနေနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ၏ လက်ရှိအခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး အားလုံးအကျုံးဝင်မှုကို ဦးတည်သော အတွေ့အကြုံ အလေ့အထကောင်းများ အစီအစဉ်အရ အုတ်ဖိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောသူရအောင်က မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် အကျုံးဝင်ပါဝင်မှုကိုလည်းကောင်း၊ Country Coordinator ABILIS Foundationမှ ဒေါ်စိုးမိုးဦးက မသန်စွမ်းအမျိုးသမီးများ၏ အခွင့်အရေးနှင့် အကျုံးဝင်ပါဝင်မှုကိုလည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ စီမံချက်တာဝန်ခံ ဦးဇေယျာမင်းက မသန်စွမ်းသူများ လက်လှမ်းမီသည့် အများပြည်သူဆိုင်ရာ အဆောက်အဦးများနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖန်တီးခြင်းဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(တောင်ငူနယ်ရုံးခွဲ) ဥက္ကဌ ဦးလင်းနိုင်က အားလုံးအတွက် အစဉ်ပြေသင့်လျော်သည့် လူ့ဘောင်အသိုင်းအဝိုင်း တည်ဆောက်ရာတွင် မသန်စွမ်းအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် လူတိုင်းအကျုံးဝင်ရေးအတွက် ဖော်ဆောင်ရမည့် မဟာဗျူဟာများ၊ လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်အစီအစဉ်အရ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိမော်က လူတိုင်းအကျုံးဝင် ပညာရေးဆိုင်ရာများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောက်အဖွဲ့ ဦးအောင်ဇော်လွင်က လူတိုင်းအကျုံးဝင်သော အလုပ်အကိုင်ခန့်ထားရေးနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်စန်းစန်းမြတ်က အားလုံးအကျုံးဝင်သော ရွေးကောက်ပွဲများဆိုင်ရာများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချမ်းငြိမ်းသူက မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။
အဆိုပါဆွေးနွေးပွဲအား မသန်စွမ်းသူတိုင်းသည် လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့်များရရှိရန်၊ မွေးရာပါဂုဏ်သိက္ခာများကို လေးစားမှုရှိစေရန်၊ အကူးအပြောင်းကာလတွင် သက်ဆိုင်ရာကဏ္ဍများ၌ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ မသန်စွမ်းသူများကိုယ်တိုင် အခွင့်အရေးတွေသိရှိပြီး မိသားစုရပ်ရွာနှင့် နိုင်ငံတော်အတွက် အကျိုးပြုရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။