Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့နယ်သံဃနာယက(ရွှေကျင်)အဖွဲ့များ အဖွဲ့ဝင်ဦးရေ၏(၂၅%) အနားယူခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

မြို့နယ်သံဃနာယက(ရွှေကျင်)အဖွဲ့များ အဖွဲ့ဝင်ဦးရေ၏(၂၅%) အနားယူခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ

ဇန်နဝါရီ ၂၂ (ပဲခူး)
===================

1

  ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးမြို့ မဟာစေတီကန်ကျောင်း ကမ္ဘောဇဓမ္မာရုံတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့များ အဖွဲ့ဝင်ဦးရေ၏(၂၅%) အနားယူခြင်းဆိုင်ရာ အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿ     သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် သံဃာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားကာ အစည်းအဝေး ထမြောက်အောင်မြင်ကြောင်းကြေညာသည်။
ထို့နောက် အစည်းအဝေးသဘာပတိ  နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် ရန်ကုန်မြို့၊ ကံသုံးဆင့်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဂုဏိက ဆရာတော်က အစည်းအဝေးအဖွင့်သြဝါဒကထာ ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ယင်းနောက် သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃနာယကဆရာတော်များ၏ ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးသို့တင်သွင်းပြီး ကြွရောက်လာကြသော ဆရာတော်သံဃာတော်များက သာဓုသုံးကြိမ်ခေါ်ဆို၍ အတည်ပြုပေးကြသည်။
ဆက်လက်၍ သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒကထာမြွက်ကြားပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်၍ ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့များ အဖွဲ့ဝင်ဦးရေ၏(၂၅%) အနားယူခြင်းဆိုင်ရာ အစည်းအဝေး အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ရွှေကျင်ဂိုဏ်းလုံးဆိုင်ရာ ပဲခူးတိုင်းဒေသကြီးအဆင့်တွင် ဥက္ကဌ(၁)ပါး၊ အကျိုးတော်ဆောင်(၁)ပါး၊ အဖွဲ့ဝင်(၅)ပါး စုစုပေါင်း(၇) ပါးဖြင့်ဖွဲ့စည်းထားရှိပြီး မြို့နယ်အဆင့်တွင် သံဃာအနည်းအများအပေါ်မူတည်၍ (၁၁ပါး/၁၃ပါး/၁၅ပါး)တို့ဖြင့်ဖွဲ့စည်းထားရှိကာ ရပ်ကျေးအဆင့်တွင် (၇ပါး/၉ပါး)ဖြင့်ဖွဲ့စည်းထားကြောင်း သိရသည်။