Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်ရှင်းလင်း

မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်ရှင်းလင်း

ဒီဇင်ဘာ ၁၁ (ပဲခူး)
===================

ဒီဇင်ဘာလ (၁၁)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ  ဦးနေမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ မြို့ပြအသစ်တစ်ခု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ  ဦးနေမျိုးအောင်က ပဲခူးမြို့နယ်အတွင်း ကုန်သွယ်ရေးဥယျာဉ်မြို့တော်တစ်ခု တည်ဆောက်နိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးဒေသသည် စီးပွားရေးအရ မဟာဗျူဟာကျသည့် နေရာဒေသတစ်ခုဖြစ်ပြီး လမ်းဆုံမြို့တစ်ခုဖြစ်ကြောင်း၊ ရေလမ်းနှင့်လည်း ပဲခူးမြစ်နှင့် စစ်တောင်းတူးမြောင်းတို့အား အဆင့်မြှင့်တင်၍ ဆောင်ရွက်နိုင်သလို မကြာမီဆောင်ရွက်မည့် အာရှလမ်းမကြီးတို့နှင့်လည်း ချိတ်ဆက်လျက်ရှိကြောင်း၊ မြို့ပြတစ်ခု ဖော်ဆောင်ရာတွင် နိုင်ငံတော်စီမံကိန်းများနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အနေအထားတစ်ရပ်ဖြစ်ရန်လိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ လာရောက်ရှင်းလင်းတင်ပြသည့် ကုန်သွယ်ရေးဥယျာဉ်မြို့တော်၌ ပဲခူးမြစ်ကြောင်း ဖြောင့်ခြင်းနှင့် မြစ်ကြောင်းဘေးတစ်လျောက် လမ်းများဖောက်လုပ်ခြင်း၊ အမှိုက်ခြေဖျက်ခြင်း၊ ရေသန့်ထုတ်လုပ်ခြင်း၊ ရေဆိုးများသန့်စင်ခြင်း၊ ဘူတာရုံများနှင့် မြို့ပတ်ရထားလမ်းများ၊ စက်မှုဇုံများ ထည့်သွင်းပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Uniho Tomosada Co., Ltd ၊ မန်နေးဂျင်းဒါရိုက်တာ  ဦးနေမျိုးအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။