Home / ပဲခူးမြို့နယ် / မြို့အင်္ဂါရပ်နှင့်ညီညွတ်သော ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မြို့အင်္ဂါရပ်နှင့်ညီညွတ်သော ပြည်သူ့ဝန်ဆောင်မှုများပေးနိုင်ရန် ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

နိုဝင်ဘာ ၉ (ပဲခူး)

=====================================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ(၉)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ပဲခူးမြို့၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သန့်ရှင်းသာယာလှပရေးအဖွဲ့ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများသည် မြို့တော်များမှစတင်ပြီး ဖြစ်ပွားလေ့ရှိသဖြင့် လုံခြုံရေးနှင့် တည်ငြိမ်ရေးရရှိရန် လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း သန့်ရှင်းသာယာလှပရေးသည် အရေးကြီးကြောင်း၊ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ရဲတပ်ဖွဲ့၊ စည်ပင်၊ လျှပ်စစ်၊ လမ်းဦးစီးဌာနတို့မှ လုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား တင်ပြပေးစေလိုကြောင်းနှင့် အခက်အခဲများရှိပါက တစ်ခါတည်း ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ ဝန်ကြီးများက ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ချက်(၇)ခု ချမှတ်ထားခဲ့ပြီးဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့သည် မြို့တွင်းလမ်းများ နှင့် လမ်းမီးများ ပြင်ဆင်ရန် ဘတ်ဂျက်လျာထားခဲ့ပြီးဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများ ရှေ့နှင့် ဈေးကြီးရှေ့တို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် ယာဉ်ထိန်းရဲများ ထားရှိနိုင်ရေး၊ ပဲခူးမြို့မဈေးသည် မြစ်ကမ်းပါးဘေးတွင် တည်ရှိနေ၍ သဘာဝပတ်ဝန်းကျင်ကို အထူးအလေးထား ပြီး သန့်ရှင်းသာယာလှပရေးကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပဲခူးတက္ကသိုလ် ကျောင်းသားအချို့သည် လမ်းလယ်ကျွန်းတွင် ထိုင်နေခြင်းမှာ ယာဉ်အန္တရာယ်များသောကြောင့် ကျောင်းရှေ့လမ်းဧရိယာ အပြင်ဘက်တွင် ခုံတန်းလျားထား ထားရှိပေးသွားရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချက်များရှိပါက ယခုအစည်းအဝေးတွင် ဝိုင်းဝန်းအဖြေရှာခြင်းဖြင့် အားသားချက်များအဖြစ် ပြန်လည်ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယခုအဖွဲ့သည် ပဲခူးမြို့အတွက် ကောင်းသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၍ ပြည်သူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးနိုင်ရန် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက သနပ်ပင်လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကားမှတ်တိုင်(၆)ခုနှင့် လမ်းဘေးဝဲ/ယာ ရေမြောင်း၊ ပလပ်ဖောင်းများ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ကျူးကျော်များလည်း ရှင်းလင်းဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးကားလမ်းမတစ်လျှောက်တွင် ကားမှတ်တိုင်(၁၉)ခု အနက် ကုမ္ပဏီ မှ (၁၃)ခုနှင့် စည်ပင်သာယာရေးအဖွဲ့မှ (၆) ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ ဈေးပတ်လမ်းအား ယာဉ်အန္တရာယ်ကင်းရှင်းနိုင်ရေး စီမံချက်ရေးဆွဲတင်ပြ ပေးသွားမည်ဖြစ်ပါကြောင်းကို လည်းကောင်း၊ လမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးက နာရီစင်လမ်းဆုံမှ စတင်ပြီး သနပ်ပင်လမ်းအား နိုဝင်ဘာလ (၁၃)၌ လမ်းချဲ့ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရွှေမောဓောဘုရား တောင်ဘက်မုဒ်-ဆံတော်တွင်းလမ်းဆုံနေရာတွင် မီးပွိုင့်တစ်ခု တပ်ဆင်နိုင်ရေး ဆောင်ရွက်ရန် လျာထားမှုကိုလည်းကောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပဲခူးမြို့တွင်း ရပ်/တင်/ချ ဆိုင်းဘုတ်(၃၀)ခုအား ယာဉ်ထိန်းရဲနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး တစ်ပတ်အတွင်း ပြီးစီးအောင် စိုက်ထူသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း အသီးသီး ဆွေးနွေး တင်ပြခဲ့ကြသည်။

အဆိုပါအစည်းအဝေးသည် ပဲခူးမြို့အား စံပြမြို့တော်တစ်ခုဖြစ်စေရန်အတွက် ကျင်းပရခြင်း ဖြစ်ပြီး၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စည်ပင်ကော်မတီတို့မှ ပဲခူးမြို့လုံခြုံရေး၊ တည်ငြိမ်ရေး၊ သန့်ရှင်းသာယာလှပရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ လိုအပ်သည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခြင်းနှင့် ကူညီပံ့ပိုး ဆောင်ရွက်ပေးခြင်း၊ မြို့အင်္ဂါရပ်နှင့်ညီညွတ်သော ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရန်တို့အတွက် ဖြစ်သည်။

အစည်းအဝေးသို့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။