Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ယာဉ်လိုင်းများမှ မော်တော်ယာဉ်များအား GPS တပ်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေး

ယာဉ်လိုင်းများမှ မော်တော်ယာဉ်များအား GPS တပ်ဆင်နိုင်ရေး တွေ့ဆုံဆွေးနွေး

ဇူလိုင် ၃၀ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်၏ ဧည့်ခန်းမသို့ ဇူလိုင်လ(၃၀)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က မော်တော်ယာဉ်များတွင် GPS တပ်ဆင်ပေးသော GPS ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံသည်။
ရှေးဦးစွာ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဆွေက ရန်ကုန်မြို့ရှိ ယာဉ်လိုင်းများ၊ အငှားယာဉ်များတွင် GPS တပ်ဆင်ပေးခြင်းအားဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းခြင်း၊ ယာဉ်ကြောကြပ်တည်းမှု လျော့ကျခြင်း၊ မော်တော်ယာဉ် ခိုးယူမှု အမြန်ဆုံး အရေးယူဆောင်ရွက်ပေးနိုင်ခြင်း၊ ယာဉ်ပိုင်ရှင်များအတွက် မိမိတို့၏ မော်တော်ယာဉ် ပြေးဆွဲနေမှုကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်ခြင်း၊ ယာဉ်တစ်စီးချင်းစီအလိုက် အချက်အလက်များ ရရှိနိုင်ခြင်း၊ မော်တော်ယာဉ် ယာဉ်စည်းကမ်း ဖောက်ဖျက်ခြင်း၊ မော်တော်ယာဉ် သက်တမ်းတိုးခြင်း စသည်တို့ကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ပနိုင်ငံများတွင် ထုတ်လုပ်သည့် စက်ရုံများတွင် မော်တော်ယာဉ်၌ တစ်ပါတည်း GPS တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် YBS မော်တော်ယာဉ်လိုင်းကားများအား GPS တပ်ဆင်၍ YRTA မှ ထိန်းချုပ် စောင့်ကြည့်လျက်ရှိကြောင်း၊ ပဲခူးမြို့တွင် ယာဉ်လိုင်းများအား Pilot Project အနေဖြင့် ယာဉ်အစီးရေ(၁၀၀)ခန့် စတင်အသုံးစွဲနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက ယာဉ်လိုင်းအသင်း တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အမိန့်အာဏာဖြင့် ဆောင်ရွက်ရသည့် ခေတ်ကာလမဟုတ်သဖြင့် စည်းရုံးခြင်း၊ အသိပညာပေးခြင်းတို့ဖြင့်သာ စနစ်တစ်ခုကို ပြောင်းလဲရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ GPS ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။