Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရန်ကုန်-ပြည် ကတ္တရာလမ်း တိုးချဲ့ဖောက်လုပ်နိုင်ရေး တွေ့ဆုံညှိနှိုင်း

ရန်ကုန်-ပြည် ကတ္တရာလမ်း တိုးချဲ့ဖောက်လုပ်နိုင်ရေး တွေ့ဆုံညှိနှိုင်း

ဇန်နဝါရီ ၁၆ (ပဲခူး)
===========================

ဇန်နဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့မှ ပြည်မြို့အထိ ကတ္တရာလမ်း တိုးချဲ့ဖောက်လုပ်နိုင်ရေး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် Max Highway Co., Ltd တို့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကြောင့် သေကြေပျက်စီးမှုသည် တစ်နှစ်လျှင် လူဦးရေပျှမ်းမျှ (၆၀၀၀)ဝန်းကျင်ခန့်ရှိပြီး ထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်နိုင်သည့် လူဦးရေ နှစ်စဉ် ပျှမ်းမျှ(၅၀၀၀)မှ(၁၀၀၀၀)ဝန်းကျင်ခန့် ရှိကြောင်း၊ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးနေရမှုကို လျော့ချပေးနိုင်ရန်အတွက် လမ်းများတိုးချဲ့ခြင်း၊ လမ်းမီးများ စိုက်ထူခြင်း၊ လမ်းအင်္ဂါရပ်နှင့်အညီ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် လူသွားလမ်းပလက်ဖောင်းများ စသည်တို့ကို မဖြစ်မနေ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယာဉ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းတွင် မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး Max Highway Co., Ltd မှ တာဝန်ယူဆောင်ရွက်နေသည့် လမ်းပိုင်းများအလိုက် လမ်းချဲ့ခြင်း၊ ကွန်ကရစ်လောင်းခြင်းနှင့် ထပ်ပိုးနိုင်လွန်ကတ္တရာခင်းခြင်းစသည့် လုပ်ငန်းများကို သတ်မှတ်ကာလများအတွင်း စနစ်တကျ ပြီးစီးအောင် ဆောင်ရွက်သွားရန်၊ အထူးသဖြင့် လမ်းဖြတ်သန်းရာ မြို့များအတွင်း (၄၈) ပေအကျယ် လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် လမ်းဘေးကျူးကျော်များနှင့်ပတ်သက်၍ မိမိတို့အစိုးရထံ တိုက်ရိုက်တင်ပြသွားရန်၊ တိုးဂိတ်များနှင့်ပတ်သက်၍လည်း ငွေကောက်ခံနေမှုများတွင် အခက်အခဲ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြရန်လိုအပ်ပြီး မိမိတို့အစိုးရအဖွဲ့မှလည်း ညွှန်ကြားချက်များအတိုင်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းက B.O.T စနစ်ဖြင့် တင်ဒါခေါ်ယူရာတွင် ပြည်ထောင်စုဝန်ကြီးဌာနမှ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်ရပြီး မိမိတို့အစိုးရမှ ဖွဲ့စည်းထားပြီးဖြစ်သည့် BRTA အဖွဲ့မှလည်း ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းပိုင်းအလိုက် စေတနာထားပြီး ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ စည်ပင်သယာရေးအဖွဲ့နှင့် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့မှလည်း မြို့တွင်းလမ်းများ တိုးချဲ့ဆောင်ရွက်ရာတွင် အဖွဲ့စနစ်ဖြင့် လိုက်ပါကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် Max Highway Co., Ltd မှ ဦးဆန်းလင်းဝင်း၊ ဦးခင်မောင်ကြွယ်တို့မှ ပဲခူးတိုင်းဒေသကြီးအတွင်း B.O.T စနစ်ဖြင့် လမ်းပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့အား  Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း Max Highway Co., Ltd အနေဖြင့် ပဲခူး-ရန်ကုန်လမ်းပိုင်း (၁၇)မိုင် (၂)ဖာလုံ၊ ပဲခူးအရှေ့ဘက်မြို့ရှောင်လမ်း (၅)မိုင် (၆)ဖာလုံ၊ ရန်ကုန်-ပြည်လမ်းပိုင်း(၁၂၃)မိုင် (၁)ဖာလုံ၊ ပြည်မြို့ရှောင်လမ်း(၅)မိုင်(၆)ဖာလုံ၊ စုစုပေါင်း လမ်းပိုင်း(၄)ခု၊ စုစုပေါင်းလမ်းမိုင်ရှည်(၁၅၁)မိုင် (၇)ဖာလုံအတွင်းရှိ တံတားများနှင့် လမ်းများအား တိုးချဲ့အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ဆွေးနွေးပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စာရင်းစစ်ချုပ် ဒေါ်သန်းသန်းဝင်း၊ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Max Highway Co., Ltd , ဦးဆန်းလင်းဝင်း ဦးဆောင်သော တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။