Home / ပဲခူးမြို့နယ် / ရုံးလုပ်ငန်းများ အဆင်ပြေမြန်ဆန် ချောမွေ့စေရန် လုပ်ထုံးလုပ်နည်းများ ဖြေလျော့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ရုံးလုပ်ငန်းများ အဆင်ပြေမြန်ဆန် ချောမွေ့စေရန် လုပ်ထုံးလုပ်နည်းများ ဖြေလျော့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မေ ၂၄ (ပဲခူး)

==================================================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေလ(၂၄)ရက်နေ့၊ မွန်းလွဲ(၂)နာရီ အချိန်က ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအကြား ညှိနှိုင်း ဆောင်ရွက်ရမည့်ကိစ္စရပ်များ လွယ်ကူချော့မွေ့ စေရန် လုပ်ထုံးလုပ်နည်းများ ဖြေလျော့နိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေမှ အဖွင့်အမှာစကား ပြောကြားရာ ဒေသဖွံ့ဖြိုးရေးစီမံကိန်းများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးဌာနမှ ဆောင်ရွက်မည့်လုပ်ငန်းများအား သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ဦးစီးဌာန များသို့ ကြိုတင်အသိပေးထားရန်လိုအပ်ကြောင်း၊ ကျေးရွာများတွင် ကိုယ့်အားကိုယ်ကိုး မီးလင်းရေး ဆောင်ရွက်ရာတွင် မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားအောင် စီမံဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှလည်း ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်လင်းစွာ တင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အစိုးရအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အဖွဲ့(၂)၊ အဖွဲ့ခေါင်းဆောင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးမှ မိမိတို့အဖွဲ့သည် ပြည်ထောင်စုဝန်ကြီးဌာနများ၊ ဗဟိုအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းစွာနှင့် ထိရောက် မှုရှိစွာ အချိန်တိုအတွင်း ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ရာမှာ ဖြစ်ပေါ်နေသည့် အခက်အခဲများ၊ သဘောထား အမြင်များကို ပေါင်းစပ်ညှိနှိုင်းပေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း ရှင်လင်းပြောကြားခဲ့သည်။

          ယင်းနောက် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးတို့မှ ပြည်ထောင်စုဝန်ကြီးဌာန အဆင့်မှ တိုင်းဒေသကြီးအတွင်း လုပ်ငန်းစီမံကိန်းများ၊  ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ အခွင့်အာဏာ ခွဲဝေရေးဆိုင်ရာ ကိစ္စရပ်တို့နှင့်ပတ်သက်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးရမည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့သည်။

          ဆက်လက်၍ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဌာနဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများအား တင်ပြခဲ့ရာ၊ အဖွဲ့(၂)၏ အဖွဲ့ဝင်များမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။

          တိုင်းဒေသကြီးအစိုးရအကြား ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းမှုရှိစေရေးအတွက် ယခုလာရောက်သည့် အဖွဲ့(၂)တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်၊ မြန်မာ့စာတိုက်လုပ်ငန်း၊ အထွေထွေမန်နေဂျာ ဦးစောထူးသာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောဝင်းနိုင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းနှင့် စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်တို့ပါဝင်ပြီး၊ မေလ(၁၁)ရက်နေ့၌ အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးလွင် ခေါင်းဆောင်သော အဖွဲ့(၄)တို့မှ လာရောက်ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။