Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တွေ့ဆုံပွဲ ကျင်းပပြုလုပ်

မေ ၈ (ရေတာရှည်)
===========================

မေလ (၈)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၆)မိုင် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုလို တွေ့ဆုံပွဲများတွင် ပြည်သူများအနေဖြင့် အများအကျိုးအတွက် လိုအပ်ချက်တွေ၊ အောက်ခြေမြေပြင်တွင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် အဆင်မပြေမှုများ၊ မြေယာပြဿနာများ စသည့် အခက်အခဲများကို တင်ပြပေးကြစေလိုကြောင်း၊ ဒါမှသာ အခြေခံလိုအပ်ချက်များ၊ ဌာနဆိုင်ရာနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ ဖွဲ့စည်းပေးထားသည့် မြေ/စစ်၊ မြေ/စီ ကော်မတီအသီးသီးတို့မှ ပြန်လည်စိစစ် ဆောင်ရွက်ရမည့် အခြေအနေများကို ညှိနှိုင်းပေါင်းစပ် အဖြေရှာပေးနိုင်မှာဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ဒီမိုကရက်တစ် လူ့အသိုင်းအဝန်း၏ ယဉ်ကျေးသော၊ ယုံကြည်သော၊ လူအများစုပါဝင်ဆွေးနွေး ပေါင်းစပ်အဖြေရှာခြင်း စသည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေနိုင်မည်ဖြစ်ကြောင်း၊  ခေတ်အဆက်ဆက် အကြောက်တရားကို အခြေခံပြီး လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို မြင်အောင်မကြည့်ဘဲ တစ်စုတစ်ဖွဲ့ အကျိုးရှိရန် အမိန့်ဆန်ဆန် အာဏာဖြင့် နိုင်ငံရေးခရီး မျက်စိလည်ခဲ့ရကြောင်း၊ ဌာနဆိုင်ရာများအတွင်း ရာထူးကြီးငယ်အလိုက် အမိန့်အာဏာသုံးခြင်း၊ ရပ်ကျေးအုပ်စု အုပ်ချုပ်ရေးမှူးများလည်း မိမိတို့ရပ်ကွက်အတွင်း ဆရာ/တပည့်မွေးခြင်း၊ အာဏာဖြင့် ဆက်ဆံခြင်းတို့ လျော့နည်းပျောက်ဆုံးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အခြေခံရေသောက်မြစ်ဖြစ်သော အခြေခံစာသင်ကျောင်းများမှစ၍ သင်ကြားရေးစနစ်များ ပြုပြင်ပြောင်းလဲလျက်ရှိနေပြီဖြစ်ကြောင်း၊ ဒီမိုကရေစီနည်းလမ်းအရ လူသားကို တန်ဖိုးထားပြီး ပြဿာနာများကို အဖြေရှာရာတွင် မေတ္တာတရားကို အခြေခံပြီး ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် မိမိမဲဆန္ဒနယ်မြေရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံရသည့်အပေါ် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ ကျေးလက်မီးလင်းရေး၊ ကျေးလက် လမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်၊ ပညာကဏ္ဍလိုအပ်ချက်များ၊ ရေကြီးနစ်မြှုပ်မှုနှင့် ပတ်သက်၍ ကာကွယ်ရေးအစီအမံများ၊ ကမ်းပြိုကာကွယ်ရေး လိုအပ်ချက်များ၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များ တင်ပြခဲ့ရာ ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ (၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။