Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်

ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ်ပွဲကျင်းပပြုလုပ်

အောက်တိုဘာ ၃၁(ရေတာရှည်)
=======================

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျွန်းတောစုကျေးရွာတွင် အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျွန်းတောစုကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် အသစ်ဆောက်လုပ်လှူဒါန်းသော နေအိမ်(၁၇၅)လုံးအား လွှဲပြောင်းပေးအပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျွန်တောစုကျေးရွာမုခ်ဦးရှေ့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEA) ဥက္ကဌ ဦးရှိန်ဝင်းနှင့် ရေတာရှည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က ကျေးရွာဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျွန်းတောစုကျေးရွာဆိုင်းဘုတ်အား ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး အထိမ်းအမှတ်သစ်ပင်များ စိုက်ပျိုးပေးကြသည်။
ယင်းနောက် ဒုတိယပိုင်းအခမ်းအနား အစီအစဉ်ဆက်လက်ကျင်းပပြုလုပ်ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှ အဖွင့်မိန့်ခွန်းပြောကြားပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျွန်းတောစုကျေးရွာသစ် တည်ဆောက်ပေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEA) ဥက္ကဌ ဦးရှိန်ဝင်းမှ ဆောက်လုပ်လှူဒါန်းသည့် နေအိမ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရေဘေးသင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ပညာရေးမှူးတို့ထံသို့ပေးအပ်ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEA) ဥက္ကဌ ဦးရှိန်ဝင်းမှ နေအိမ်များနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ အထောက်အကူပြု ပရိဘောဂပစ္စည်းများအား ကျွန်းတောစုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမှ ပြည်သူတစ်ဦးထံသို့ ပေးအပ်ကာ ဒေသခံပြည်သူ ဦးထွန်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၂၀၁၈ခုနှစ် သြဂုတ်လ(၂၉)ရက်နေ့တွင် ဆွာရေလှောင်တမံရဲ့ ရေပိုလွှဲ ကျိုးပဲ့ပျက်စီးခဲ့မှုကြောင့် ကျေးရွာပေါင်း(၁၇)ရွာ၊ နေအိမ်(၁၀၉၀၆)လုံး၊ လယ်ယာ(၃၂၉၂၁)ဧက၊ လမ်း/ တံတားများ ထိခိုက်ပျက်စီးခဲ့ရပြီး အသက်ဆုံးရှုံးမှု(၆)ဦး ဖြစ်ပွားခဲ့သည့်အပြင် အမြန်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် ရထားလမ်းတို့ ပြတ်တောက်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနေဖြင့် သဲဖုံးလယ်ယာမြေ (၄၅၈.၃၈)ဧကဖော်ထုတ်ပေးခြင်း၊ သီးနှံထောက်ပံ့ကြေးအဖြစ် စပါး(၁)ဧကလျင် (၁၀၀၀၀)နှုန်း၊ ကြံ(၁)ဧကလျှင် (၅၀၀၀၀)နှုန်း ထောက်ပံ့ပေးခြင်း၊ ဆွာချောင်းတံတားကြီးအပါအဝင် တံတားပေါင်း(၂)စင်း၊ လမ်း(၂၇)လမ်းနှင့် နေအိမ်ပေါင်း(၁၇၅)လုံးကို ပြန်လည်ပြင်ဆင်ပေးခဲ့ကြောင်း သိရသည်။
ကျွန်းတောစုကျေးရွာ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေရရှိရေးနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အလယ်တန်းကျောင်းဆောင်၊ အလှူရှင်များ လှူဒါန်းသည့် ဘုန်းတော်ကြီးကျောင်းအပါအဝင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာစုပေါင်းရုံးတို့ကိုပါ ဆောက်လုပ်ပေးထားကြောင်း သိရသည်။
ယနေ့အခမ်းအနားသည် ၂၀၁၈ ခုနှစ် သြဂုတ်လအတွင်း ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ ဆွာဆည်တမံကျိုးပေါက်မှုကြောင့် သဘာဝဘေးဒဏ်ခံစားခဲ့ရသော ဆွာဆည်အနီးရှိ သိုင်းဝကျေးရွာအုပ်စု ကျွန်းတောစုကျေးရွာအား ရေဘေးလွတ်ကင်းသည့် မြေလွတ်နေရာ၌ စံပြကျေးရွာသစ်တည်ဆောက် ပြောင်းရွေ့ပေးခဲ့ရာတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နေအိမ်(၁၃)လုံး၊ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEA)မှ နေအိမ်(၁၆၂)လုံး၊ စုစုပေါင်း(၁၇၅)လုံးဆောက်လုပ်ပြီး သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် ပြည်သူများထံသို့ လွှဲပြောင်းပေးအပ်လှူ ဒါန်းခြင်းဖြစ်သည့်အပြင် အိမ်ထောင်စုတစ်စုလျှင် စောင်၊ ဖျာ၊ ခေါင်းအုံး၊ ခြင်‌ထောင်၊ ယောက်ချိုဇွန်း၊ ပန်းကန်ပြား၊ ပန်းကန်လုံး၊ ဒယ်အိုး+အဖုံးအပါ၊ ဒန်အိုး၊ ဓါတ်မီး၊ စတီးဇွန်းစသည့် အသုံးအဆောင်ပစ္စည်းများပါဝင်သည့် Plastic boxနှင့် စက်ဘီး(၁)စီးတို့အားလည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေတာရှည်မြို့နယ်အတွင်းရှိ ရေဘေးသင့်အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံ ကျား(၁၀၀၀)စုံ၊ မ(၁၀၀၀)စုံ စုစုပေါင်း ကျောင်းဝတ်စုံအစုံ(၂၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။