Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရွှေကျင်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ရွှေကျင်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဇူလိုင် ၃၁ (ရွှေကျင်)
—————————

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်တွင် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံ လမ်းပေါ်ရှိ ရွှေကျင်ချောင်းကူးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့မှ အမှာစကားပြောကြားပြီး ဒေသခံပြည်သူတစ်ဦးမှ တံတားတည်ဆောက်ပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် တောင်ငူ-ကျောက်ကြီး-ရွှေကျင်-ဝင်းကံလမ်းပေါ်ရှိ ရွှေကျင်ချောင်းကူးတံတားအား ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစော၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့်‌ ဒေါ်လှလှဝင်း၊ တံတားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ကမ္ဗည်းမော်ကွန်းကျောက်စာအား ပြည်ထောင်စုဝန်ကြီး ဦးဟန်‌ဇော်၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းများ ပြုလုပ်ပြီး တံတားပေါ်သို့ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါ ရွှေကျင်ချောင်းကူးတံတားသည် ရွှေကျင်းချောင်းပေါ်တွင် အရှည်(၁၆၈၀)ပေ၊ အကျယ်(၃၀)ပေရှိပြီး ယာဉ်သွားလမ်းအကျယ်(၂၄)ပေ(၂)လမ်းသွား၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင်(၃)ပေစီပါရှိသော ဘိုးပိုင်အုတ်မြစ် သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန၊ တည်ဆောက်ရေး(၃)၊ တံတားအထူးအဖွဲ့(၉)မှ ၂၀၁၇-၁၈ ခု ဘဏ္ဍာနှစ်တွင် ကျပ်သန်း(၁၀၀၀)၊ ၂၀၁၈(၆)လ Mini Budget ကျပ်သန်း(၃၀၀)၊ ၂၀၁၈-၁၉ ခု ဘဏ္ဍာရေးနှစ် ကျပ်သန်း(၂၅၀၀)၊ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျပ်သန်း(၂၈၀၀) စုစုပေါင်းကျပ်သန်း(၆၆၀၀)ဖြင့် ၂၀၁၇ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်ကာ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့တွင် လုပ်ငန်းအားလုံးပြီးစီး လွှဲပြောင်းပေးအပ် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
ရွှေကျင်ချောင်းကူးတံတား တည်ဆောက်ပြီးစီးခြင်းကြောင့် အဆိုပါဒေသရှိပြည်သူများမှာ တောင်ငူ၊ ကျောက်ကြီး၊ ရွှေကျင်မြို့နယ်များအပြင် ဆက်စပ်အခြားသောမြို့နယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်တိုအတွင်း ရာသီမရွေးလွယ်ကူချောမွေ့စွာ သွားလာနိုင်မည်ဖြစ်‌ခြင်း၊ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အထိ သွားလာနိုင်မည်ဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာအရေးပါလှသည့် မဟာဗျူဟာကျသည့် တံတားဖြစ်‌သောကြောင့် ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍမျိုးစုံတို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။