Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရွှေတောင်လျှပ်စစ်ဓါတ်အား အဆင့်တိုးမြှင့်ထုတ်လုပ်နိုင်ရေး MCM Power Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

ရွှေတောင်လျှပ်စစ်ဓါတ်အား အဆင့်တိုးမြှင့်ထုတ်လုပ်နိုင်ရေး MCM Power Co., Ltd မှ လာရောက်ရှင်းလင်းတင်ပြ

မတ် ၁၇ (ပဲခူး)
========================

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်ရှိ ရွှေတောင်လျှပ်စစ်ဓါတ်အားပေးစက်ရုံများ Gas စနစ်ဖြင့် (၇၀)မဂ္ဂါဝပ် တိုးမြှင့်ထုတ်လုပ်ရန် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား MCM Power Co., Ltd, Senior Advisor ဦးခင်မောင်ကျော်၊ Mr. Heinz Ludi ၊ ဦးတင်စိုး၊ ဒေါ်ရီရီထွေးနှင့် ဦးတင်မောင်လတ်တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။
ရှေးဦးစွာ MCM Power Co., Ltd, Project Director ဦးတင်စိုးက မိမိတို့ကုမ္ပဏီသည် ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ ကုမ္ပဏီခွဲ(၈)ခုရှိနေပြီဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေသန့်စင်ရေးလုပ်ငန်းတွင်လည်း ပါဝင်ဆောင်ရွက်လျက်ရှိပြီး၊ ဓါတ်အားခွဲရုံများ ပြန်လည်ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း ရာဘာနှင့် ဒူးရင်းစိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ တိုးတက်မြင့်မားစေရေး ပြည်ထောင်စုဝန်ကြီးဌာနများနှင့် အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်းကောင်း၊ ဒါရိုက်တာ ဒေါ်ရီရီထွေးက ရွှေတောင်လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း (၇၀)မဂ္ဂါဝပ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံတော်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတစ်ခုအနေဖြင့် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်လုပ်ငန်းအဖြစ် လွှဲပြောင်းခြင်း၊ ခေတ်နောက်ကျသည့် စက်ပစ္စည်းနှင့် နည်းပညာများ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေးနှင့် လူမှုရေးမြှင့်တင်ရာတွင် လျှပ်စစ်ဓါတ်အားသည် မရှိမဖြစ် လိုအပ်သည့် အခြေခံတစ်ခုဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်မှ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာများအဆင့်ထိ လျှပ်စစ်မီးလင်းနိုင်စေရေး မဟာဗျူဟာစီမံကိန်းအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒါမှလည်း ထင်းသုံးစွဲမှုလျော့ချနိုင်ပြီး ဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အဖြစ် Solar System ဖြင့် လျှပ်စစ်မီထုတ်လုပ်နိုင်ရေးကိုလည်း ကြိုဆိုလျက်ရှိကြောင်းနှင့် လိုအပ်သည်များကိုလည်း မိမိတို့အစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးလှမင်းထွဋ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ MCM Power Co., Ltd, Senior Advisor ဦးခင်မောင်ကျော်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။