Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရှေးဟောင်းကျိုက်ဒေးကစီ စေတီတော်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ရွှေထီးတော်မြတ်ကြီးအား ကြိုဆိုပင့်ဆောင်

ရှေးဟောင်းကျိုက်ဒေးကစီ စေတီတော်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ရွှေထီးတော်မြတ်ကြီးအား ကြိုဆိုပင့်ဆောင်

မတ် ၁ (ပဲခူး)
_________________________

ပဲခူးတိုင်းဒေသကြီး၊ သနပ္ပင်မြို့နယ်၊ အနောက်တံခွန်တိုင်ကျေးရွာတွင် ပြန်လည်တည်ထားကိုးကွယ်သည့် ရှေးဟောင်းကျိုက်ကဒေး စေတီတော်ကြီး၌ တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ရွှေထီးတော်မြတ်ကြီးအား ကြိုဆိုပင့်ဆောင်ခြင်းအခမ်းအနားကို ‌မတ်လ(၁)ရက်နေ့ နံနက်(၈:၁၅)နာရီအချိန်က ကျင်းပပြုလုပ်သည်။
စိန်ဖူးတော်နှင့် ရွှေထီးတော်မြတ်ကြီးအား တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူဝိပဿနာဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယက သာသနာ့ပျိုးဥယျာဉ် ကျောင်းတိုက်ကြီး၏ မူလပဓာနနာယက၊ အနောက်တံခွန်တိုင်ကျေးရွာ ဒေးကစီကျောင်းတိုက်၏ ပဓာနနာယကဆရာတော် သောတာပတ္တိမဂ်(ရှုဖွယ်)ကျမ်းပြု၊ ပဋိပတ္တိသာသနာ့ဟိနဓရ(ဂုဏ်ပြု) အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်ဘုရားကြီး) မှ ဦးဆောင်၍ တပည့်ဒါယကာ ဒါယိကာမများက မန္တလေးမြို့မှစတင်၍ ပင့်‌ဆောင်လာကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ ဥပဒေချုပ် ဦးအုန်းမြင့်နှင့် တပည့်ဒါယကာ ဒါယိကာမအပေါင်းတို့က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၃၉) ဘောနက်ကြီးလမ်းဆုံမှ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်အတွင်း ယာယီပူဇော်ခံထားရှိမည့် မဏ္ဍာပ်အထိ ဆက်လက်ကြိုဆို ပင့်ဆောင်လာကြပြီး ကမ္ဘောဇသာဒီနန်းတော်အတွင်းရှိ ယာယီပူဇော်ခံထားရှိမည့်မဏ္ဍာပ်၌ တစ်ရက်တာ ပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အနောက်တံခွန်တိုင်ကျေးရွာရှိ တိုက်ခွဲအမှတ်(၃၂) သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ ဒေးကစီကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သော ကျိုက်ဒေးကစီ စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၂၀၀)ကျော်ကတည်းက တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်တစ်ဆူဖြစ်ပြီး မူလစေတီငယ်သည် (၁၈)တောင်ခန့် ဉာဏ်တော်မြင့်ကြောင်း ထိုမှတစ်ဆင့် လွန်ခဲ့သောနှစ်ပေါင်း(၁၅၀)ခန်က မူလစေတီငယ်ကို ဉာဏ်တော်အမြင့် အတောင်(၃၀)ဖြစ်အောင်ငုံ၍ တည်ထားကိုးကွယ်ခဲ့ကြောင်း ရှေးလူကြီးများ၏‌ တစ်ဆင့်ပြောစကားအရ သိရသည်။
ထပ်မံ၍ ကျိုက်ဒေးကစီ စေတီတော်မြတ်ကြီးကို လွန်ခဲ့သောနှစ်ပေါင်း (၁၀၀)ခန့်က သနပ်ပင်မြို့နယ် ကျိုက်မဲကျေးရွာနေ ဘုရားဒါယကာဦးပုန် ဘုရားဒါယိကာမဒေါ်ပြောင်တို့မှ မြန်မာသက္ကရာဇ်(၁၂၅၈)ခုနှစ် တန်ဆောင်မုန်းလဆန်း(၂)ရက်၊ ခရစ်သက္ကရာဇ်၁၉၂၃ခုနှစ် နိုဝင်ဘာလ(၂၃)ရက်နေ့တွင် ဉာဏ်တော်အမြင့် (၄၅)တောင်အရှိဖြစ်အောင် မူလစေတီကိုငုံ၍ ပြန်လည်တည်ထားကိုးကွယ်ခဲ့ပြီး ယခုအခါစေတီတော်မြတ်ကြီးသည် နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ခံရခြင်းနှင့် မြေငလျှင်ဒဏ်ခံရခြင်းတို့ကြောင့် စေတီတော်မြတ်ကြီးမှာ လုံးတော်တစ်ပတ်လည်လုံးကွဲအက်၊ ပျက်စီး၊ တိမ်းစောင်းလျှက် ရှိနေခဲ့သည့်အတွက် သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာများ၏ ဦးစီးပဓာနနာယက သာသနာ့ပျိုးဥယျာဉ် ကျောင်းတိုက်ကြီး၏ မူလပဓာနနာယက၊ အနောက်တံခွန်တိုင်ကျေးရွာ ဒေးကစီကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဖြစ်တော်မူသော သောတာပတ္တိမဂ်(ရှုဖွယ်)ကျမ်းပြု၊ ပဋိပတ္တိသာသနာ့ဟိနဓရ(ဂုဏ်ပြု) အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တစန္ဒိမာ (အောင်လံဆရာတော်ဘုရားကြီး) မှ ဦးဆောင်၍ တပည့်ဒါယကာ ဒါယိကာမများမှ ဉာဏ်တော်အမြင့်(၅၄)တောင် ပေအားဖြင့်(၈၁)ပေရှိ စေတီတော်ကြီးအဖြစ် မြန်မာသက္ကရာဇ်(၁၃၈၁)ခုနှစ် ပြာသိုလဆန်း(၇)ရက်၊ ခရစ်သက္ကရာဇ်၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ပြန်လည်၍ စတင်ပြုပြင်တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရှေးဟောင်း စေတီတော်မြတ်ကြီးအား အမြင့်(၂၁)ပေ၊ အကျယ်(၇)ပေ ဘုံ(၇)ဆင့်ပါ ရွှေထီးတော်ကြီးနှင့် စိန်ဖူးတော်မြတ်တို့ကို တင်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းကျိုက်ဒေးကစီ စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကိုနှစ်စဉ် တန်ခူးလဆန်း(၈)ရက်နေ့တွင် ကျင်းပပြုလုပ်ကြပြီး ပွဲတော်ရက်နီးလာလျှင် စေတီတော်မြတ်ကြီးမှာ ရောင်ခြည်တော်များ ကွန့်မြူးလေ့ရှိကြောင်း သိရသည်။