Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကျန်းမာရေးသုံးပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်း

လင်ဂျူးတောင်ဗုဒ္ဓသာသနာပြုအဖွဲ့မှ ကျန်းမာရေးသုံးပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့လှူဒါန်း

မေ ၂၁ (ပဲခူး)
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ မေလ(၂၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဘဝငြိမ်းချမ်းရေး ဗုဒ္ဓတက္ကသိုလ် အဓိပတိ ဆရာတော် ဘဒ္ဒန္တကုသလ (အဂ္ဂမဟာသဒ္ဒမ္ဓဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ဦးဆောင်သော လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့၊ တပည့်ဒါယကာများမှ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းတန်ဖိုး(၈၃)သိန်းအား လာရောက်ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဦးသိန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်‌ပေးအပ်ခဲ့သည်။
ဆက်လက်၍ လင်ဂျူးတောင် ဗုဒ္ဓသာသနာပြုအဖွဲ့ ၊ တပည့်ဒါယိကာ၊ ဒါယိကာမများက ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၃၁)မိုင်(၇)ဖာလုံရှိ လင်ဂျူးတောင် ဗုဒ္ဓသာသနာ့နယ်မြေ၌ လှော်ကားကျေးရွာအုပ်စုရှိ လှော်ကားကျေးရွာ၊ လသာကုန်းကျေးရွာ၊ ဘုရားလေးကုန်းကျေးရွာ၊ ဝိတိုကျေးရွာ(အရှေ့၊အနောက်)၊ အင်းကလေးကျေးရွာ၊ မဟာမိုးမြေခြံကျေးရွာ၊ သရက်ကုန်းကျေးရွာအုပ်စုရှိ သရက်ကုန်းကျေးရွာ၊ စစ်ကွင်းကျေးရွာ၊ အော်ရောဖကျေးရွာ၊ ဉာဏ်သာယာကျေးရွာ စုစုပေါင်းကျေးရွာ(၁၀)မှ အိမ်ထောင်စု (၁၂၀၀) စုအတွက် တစ်အိမ်ထောင်လျှင် ဆန်(၆)ပြည်၊ ဆီငါးဆယ်သား၊ ဆားငါးဆယ်သား၊ ကြက်သွန်နီ(၁) ပိဿာ၊ အာလူး(၁)ပိဿာ၊ ခေါက်ဆွဲခြောက်(၁၀)ထုတ်နှင့် ကွေကာအုပ်(၅) ထုပ်တို့အား စနစ်တကျ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။