Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(Covid-19)အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်

လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ(Covid-19)အတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပပြုလုပ်

မတ် ၁၉ (ပဲခူး)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ(၁၉)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Covid-19) ကာကွယ်ထိန်းချုပ် ကုသခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေပေးအပ််ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက (Covid-19) ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization- WHO) မတ်လ(၁၁)ရက်နေ့၊ မြန်မာစံတော်ချိန် ည(၁၁:၁၃)နာရီတွင်  သတ်မှတ်ကြေညာခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်မှာလည်း မတ်လ(၁၃)ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော အမျိုးသားအဆင့် ဗဟိုကော်မတီအဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအတွက် ကာကွယ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကုသရေးအပိုင်းများကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအတိုင်း ကော်မတီဖွဲ့စည်းခြင်း၊ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ကုသရေးလုပ်ငန်းစဉ်များကို  စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနိုင်ရေး ထောက်ပံ့ငွေကျပ် သိန်း(၅၀၀)အား ပေးအပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်တို့မှ လက်ခံရယူခဲ့ပြီး၊ ဒေါက်တာအေးငြိမ်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးညွန့်ရွှေက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုထောက်ပံ့လှူဒါန်းသည့် ကျပ်သိန်း(၅၀၀)အပြင် အရေးပေါ်ရန်ပုံငွေ (၁)ဘီလီယံကျပ်အား ကြိုတင်လျာထားပြီးဖြစ်၍ ဖြစ်ပေါ်လာသည့် အခြေအနေပေါ် မူတည်ပြီး ကော်မတီ၏ တင်ပြချက်များအရ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအတွက် ပြင်ပအလှူရှင် Petrol Star Co., Ltd , Managing Director ဦးအောင်ဝင်းက ဆေးရုံသုံးကာကွယ်ရေးဝတ်စုံ (၂၀၀) တန်ဖိုးငွေ(၁၈)သိန်းနှင့် ထောက်ပံ့ငွေ(၁၀)သိန်းတို့အား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ကုသရေး ကော်မတီအား လူမှုရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ်ပါဝင်ကာ သက်ဆိုင်ရာဌာနဆိုင်ရာ(၂၀)ဦးတို့ဖြင့် ဖွဲ့စည်းကာ ဗဟိုကော်မတီမှ ပေးအပ်ထားသော လုပ်ငန်းတာဝန်(၉)ချက်အား တိတိကျကျ လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း သဲကုန်းမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်နှင့် မိုးညိုမြို့နယ်တို့တွင် ယနေ့အထိ စောင့်ကြည်လူနာ(၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ မရှိသေးကြောင်းနှင့် ပဲခူးမြို့တွင် ကလိကျေးရွာအနီး ဆောက်လုပ်လျက်ရှိသော (၆)ထပ် ဆေးရုံ၏ အနောက်ဘက်ရှိ ရုံးအဆောက်အဦအသစ်၌ (COVID-19) စောင့်ကြည့်လူနာများ ရောက်ရှိလာပါက ထားရှိသွားရန် စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။