Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ်နှင့် ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများတွေ့ဆုံ

ဝန်ကြီးချုပ်နှင့် ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများတွေ့ဆုံ

ဇန်နဝါရီ ၁၁ (ရေတာရှည်)
————————-

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၁)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ရေတာရှည်မြို့နယ် ကြံသနွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ သာသနပါလဓမ္မာရုံအတွင်း၌ ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ကြံသနွယ်ကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဒေသခံပြည်သူများနှင့် တွေ့ရာတွင် ဝန်ကြီးချုပ်မှ တစ်ခောတ်တစ်ခါတုန်းက အာဏာဖြင့် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အားနည်းခဲ့ရကြောင်း၊ ဒီနေ့ခေတ်ကာလမှာ လူသားဝါဒကို အခြေခံတဲ့ ဒီမိုကေရေစီဟုခေါ်သော ပြည်သူများမှ ဆင်းသက်လာသည့် အရပ်သားစစ်စစ် အစိုးရလက်ထက်ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ဒီအခြေအနေမှာ ပြည်သူများအနေဖြင့် မိမိတို့ အစိုးရ၏ မူဝါဒများ၊ လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးစသည့် လုပ်ငန်းစဉ်များကို သိရှိနားလည်သဘောပေါက်ပြီး ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်တွေမှာ လူတစ်ဦးချင်းစီတိုင်းက မိမိတို့ ဘယ်နေရာမှ ပါဝင်ဆောင်ရွက်ရမည်ကိုလည်း အသိတရားရှှိရှိ နားလည်သဘောပေါက်စေရန် လိုအပ်ကြောင်း၊ ဒီမိုကရေစီသည် ချက်ခြင်းပေါက်ဖွားလာခြင်းမဟုတ်ဘဲ လူတစ်ဦးချင်းစီမှ အစုအဖွဲ့၊ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်မှသာ ဒီမိုကရေစီ၏ အနှစ်သာရကို ရရှိခံစားကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးရဲဝဏ္ဏမှ လျှပ်စစ်အန္တရာယ်နှင့် ပတ်သက်၍ လည်းကောင်း၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိမှ သစ်တောစိုက်ခင်းများနှင့် ပတ်သက်၍လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ ဆည်မြောင်းဥပဒေဆိုင်ရာများကိုလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဦးက မြေလွတ်မြေရိုင်းများ လျှောက်ထားငှားရမ်းအသုံးပြုမှုများနှင့် ပတ်သက်၍လည်းကောင်း၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ထိန်ဝင်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ကိစ္စများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြပြီး ဒေသခံပြည်သူများက မြေယာဆိုင်ရာကိစ္စများ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စများ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဒေသခံပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန်နှင့်၊ အသိပညာဗဟုသုတများရရှိစေရန်အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်းသိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကြံသနွယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ(၃၀၀)ဦးကျော် တက်ရောက်ကြကြောင်း သတင်းရရှိသည်။