Home / ကြို့ပင်ကောက်မြို့နယ် / ဝန်ကြီးချုပ် ဦ:ဝင်းသိန်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ

ဝန်ကြီးချုပ် ဦ:ဝင်းသိန်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ

မေ ၂၆ (ကြို့ပင်ကောက်)
================================

မေလ (၂၆)ရက်နေ့၊ နံနက် (၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၊ ကျစွာဘုရား ရန်အောင်မြင်ဘုန်းတော်ကြီ:ကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦ:စွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခုမှာ လူ့စွမ်းအားအရင်းအမြစ်ကို မသုံးချပဲ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲပြီး တိုင်းပြည်ထူထောင်ခြင်းသည် အလွန်မှားယွင်းသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ သယံဇာတသည် အချိန်အတိုင်းအတာတစ်ခုထိသာ သုံးစွဲနိုင်ပြီး ရေရှည်ရရှိနိုင်သည့် အခွင့်အရေးတစ်ခု မဟုတ်ဘဲ ကုန်ဆုံးသွားနိုင်သည့် ရုပ်ဝတ္တုပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်သုံးစွဲခြင်းကသာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခု ဖြစ်ပြီး တိုင်းပြည်အတွက် ရေရှည်တန်ဖိုးရှိနိုင်မည်ဖြစ်ကြောင်း၊ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် သဘာဝသယံဇာတကျိန်စာဟုခေါ်သော သဘာဝဘေးများ နှစ်စဉ်ကြုံတွေ့နေကြရသည်ကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ဒါကြောင့် လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်နိုင်ရန် မိမိတို့အစိုးရလက်ထက်တွင် အခြေခံပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ အဓိက ရေသောက်မြစ်ဖြစ်သော ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုတွင် အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းပေါင်းစပ် အဖြေရှာခြင်း၊ အားနည်းသူနှင့် အားကြီးသူ ယှဉ်ပြိုင်သည့်စနစ်မဟုတ်ဘဲ ပူးပေါင်း၍ အားတစ်ရပ်အဖြစ် ပြန်လည်တည်ဆောက်ရန်သွားသည့် သင်ကြားရေးစနစ်တစ်ခုပင်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် အနာဂတ်လူငယ်များ မွေးထုတ်ပေးရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ တတ်မြောက်လာပါက မတူကွဲပြားမှုကြောင့် ဖြစ်ပွားနေရသည့် ပဋိပက္ခများ ချုပ်ငြိမ်းပြီး လူသားအားလုံး မျှော့်လင့်နေသော ငြိမ်းချမ်းတည်ငြိမ်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင် ပြုပြင်ပေးရန်၊ စာသင်ကျောင်းများ အဆင့်မြှင့်တင်ပေးရန်နှင့် စာသင်ဆောင်များ တိုးချဲ့ပေးရန်၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်ကျန်းမာရေးဆိုင်ဆိုင်ရာကိစ္စရပ်များ၊ မြေယာအငြင်းပွားနေမှုများ တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၄၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။