Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်

ဒီဇင်ဘာ ၂၇(ပဲခူး)
====================

စက်မှုလယ်ယာဦးစီးဌာနမှ ဦးဆောင်၍ ဖွင့်လှစ်ခဲ့သော အမှတ်စဉ်(၁/၂၀၁၉) လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးမြို့နယ် ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခမ်းမတွင် ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့နိုင်ငံတော်သည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သောကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်အတွက် စက်မှုလယ်ယာစနစ် ကူးပြောင်းရေးကိုဆောင်ရွက်ရန် နိုင်ငံတော်မှ မူဝါဒချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ နိုင်ငံတော်ရဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာမှာ စက်မှုလယ်ယာ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စက်မှုလယ်ယာကူးပြောင်းရေးသည် လယ်ယာမြေကို မြေပြုပြင်သည့်အဆင့်မှ အစပြု၍ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ခြွေလှေ့ခြင်းနှင့် သိုလှောင်သည့်အဆင့်အထိ စက်ကိရိယာများ သုံးစွဲလုပ်ကိုင်ခြင်းကိုဆိုလိုကြောင်း၊ စက်မှုလယ်ယာ ကူးပြောင်းရေးလုပ်ငန်းစဉ်အတွက် စနစ်တကျလယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးလျှက်ရှိပြီး ကျေးရွာများတွင် စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေဖော်ထုတ်ရန်ဆန္ဒရှိပါက စနစ်ကျလယ်ယာမြေဖော်ထုတ်ရန် လိုအပ်သည့်မူဝါဒနှင့်ကိုက်ညီမှုရှိလျှင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ်ပေးခဲ့သည့် သင်တန်းကိုတက်ရောက်ခဲ့ခြင်းကြောင့် မိမိတို့စွမ်းဆောင်ရည် တိုးတက်မြင့်မားရုံသာမက အသက်မွေးဝမ်းကြောင်းအတွက်လည်း အထောက်အပံ့ကောင်းများ ရရှိခံစားရမှာဖြစ်ကြောင်း၊ မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားပြီး နိုင်ငံတော်၏ စက်မှုလယ်ယာကူးပြောင်းရေး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သွားကြရန် သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာန သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး၊ စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှုး ညွှန်ကြားရေးမှုး ဦးရွှေဝင်းမှ သင်တန်းဖွင့်လှစ်သင်ကြားခဲ့မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ထူးချွန်ဆုရရှိသည့် သင်တန်းသား(၃)ဦးအား ဝန်ကြီးချုပ် ဦးဝင်းသိန်းမှလည်းကောင်း၊ အထူးဆုရ သင်တန်းသား(၂)ဦးအား သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှုး ညွှန်ကြားရေးမှုး ဦးရွှေဝင်းမှလည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ကာ သင်တန်းကျောင်း၊ ဒုတိယကျောင်းအုပ်ကြီး ဒုတိယညွှန်ကြားရေးမှုး ဦးထွန်းထိန်လင်းမှ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
အဆိုပါသင်တန်းအား လယ်ယာသုံးစက်ကိရိယာများ မောင်းနှင်ထိန်းသိမ်းခြင်းပညာရပ်များကို ကောင်းစွာတတ်မြောက်နားလည်ပြီး နည်းပညာမြင့်မားသည့် လယ်ယာသုံးစက်ကိရိယာများကို စနစ်တကျ ကိုင်တွယ်မောင်းနှင်နိုင်ရန် ရည်ရွယ်၍ နိုဝင်ဘာလ(၄)ရက်နေ့မှ ဒီဇင်ဘာလ(၂၇)ရက်နေ့အထိ (၈)ပတ်ကြာ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ သင်တန်းသား(၃၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
စက်မှုလယ်ယာကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဌာနဆိုင်ရာဝန်ထမ်းများရဲ့ အင်အားတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရနိုင်ပါဘူး လယ်ယာလုပ်ငန်းခွင်မှာ လက်တွေ့လုပ်ကိုင်ဆောက်ရွက်နေသည့် တောက်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းစဉ်ကြီး အောင်မြင်မှာဖြစ်ပါတယ်၊ ဒီလိုစက်ကိရိယာများကို လုပ်ငန်းခွင်တွင်စနစ်တကျ နည်းမှန် လမ်းမှန် သုံးစွဲနိုင်ရန်အတွက် ယခုလိုလယ်ယာသုံးစက်ကိရိယာမောင်းနှင် ထိန်းသိမ်းမှုသင်တန်းများကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်အောင်မြင်ပြီးစီးသော သင်တန်းသားများအနေဖြင့် National Skills Standards Authority(NSSA) လို့ခေါ်သည့် မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးအဖွဲ့မှ အသိအမှတ်ပြု အရည်အချင်းစစ်စာမေးပွဲများ ဝင်ရောက်ဖြေဆိုနိုင်ပြီး အောင်မြင်မှုရရှိပါက(NSSA)အသိအမှတ်ပြု လက်မှတ်ရရှိကာ နိုင်ငံတကာကုမ္ပဏီများတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်သည်။
ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ယခုလိုအလုပ်အကိုင် ကျွမ်းကျင်မှုသင်တန်းများကို စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြန်မာ့လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတို့ပူးပေါင်း၍ ကျေးလက်ဒေသအခြေခံ လျှပ်စစ်ကျွမ်းကျင်သင်တန်းများအား ဖွင့်လှစ်ပေးလျှက်ရှိပြီး လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းနှင့် အခြေခံလျှပ်စစ်ကျွမ်းကျင်သင်တန်းများ တက်ရောက်လိုသည့် တောက်သူလယ်သမားများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ပြီးကြိုတင်စားရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။