Home / ကျောက်ကြီးမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်ကြီးမြို့နယ်တွင်ပြုလုပ်သည့် ပါဝင်ပတ်သက်နေသူများ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျောက်ကြီးမြို့နယ်တွင်ပြုလုပ်သည့် ပါဝင်ပတ်သက်နေသူများ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်

ဇန်နဝါရီ ၃ (ကျောက်ကြီး)
—————————–

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်ပုံလယ်ကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာ KNUဆက်ဆံရေးရုံးတွင် ဇန်နဝါရီလ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာတက်ရောက်လာကြသည့် ခေါင်းဆောင်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာကိုယ်စားလှယ်တာဝန်ရှိသူများက မိတ်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ အစိုးရနှင့် KNU အဖွဲ့အစည်း တွေ့ဆုံမှုသည် (၃)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ရွှေကျင်၊ ကျောက်ကြီး ဒေသများတွင် စစ်ဘေးဒဏ်၊ မိုင်းဒဏ်နှင့် သဘာဝဘေးဒဏ်တို့ကြောင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝများ နိမ့်ကျခဲ့ရမှုတို့ကို ပြန်လည်ထူထောင်ပေးရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ အတူစုပေါင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်လွတ်လပ်ရေးရပြီး (၇၂)နှစ် ပြည့်တော့မည့်အချိန်ထိ ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးရရှိရန် ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍတွင် ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ မှတ်ပုံတင်ရရှိရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံခေါင်းဆောင်များအနေဖြင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသား/ဒေသအလိုက် တန်တူအခွင့်အရေးရရှိစေရန် ခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန်ကြိုးစားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် စုပေါင်းနေထိုင်သည့် တိုင်းရင်းသားအားလုံး ရေရှည်တည်တံ့ခိုင်မြဲပြီး မေတ္တာတရားရှေ့ထားသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်နိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးစသည်တို့သည် အလွန်အရေးကြီးကြောင်း၊ မိမိနှင့်အတူ ဌာနဆိုင်ရာများလည်းပါဝင်လာသည်ဖြစ်၍ ဒေသလိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံများနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် KNUကရင်အမျိုးသားအစည်းအရုံး(ဗဟို) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးမှ ငြိမ်းချမ်းရေးဖြစ်စဉ် အခြေအနေများကိုလည်းကောင်း၊ KNUညောင်လေးပင်ခရိုင်၊ ခရိုင်ဥက္ကဌ ပဒိုစောဆဲဂေမှ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အခြေအနေများအားလည်းကောင်း၊ KNUဗဟိုအထွေထွေတွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောဆဲပွယ်မှ စီမံကိန်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဆက်စပ်မှု Back Ground အကျဉ်းချုပ်အားလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဝေမှ အကြံပြုအားပေးစကား ပြောကြားပြီး Committee for Internally Displaced Karen People(CIDKP)ညွှန်ကြားရေးမှူးနှင့် စီမံကိန်းတာဝန်ခံ စောဘယ်ထူးမှ တွေ့ဆုံဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် စီမံကိန်းဒေသရှိ ကျေးရွာသူ/သားများက ဒေသလိုအပ်ချက်များ တင်ပြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲအား နိုင်ငံတော်အစိုးရနှင့် KNUတို့အကြား အပစ်အခတ်ရပ်စဲရေးပြုလုပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်နေသည့်ကာလတွင် အောက်ခြေအဆင့်၌ နှစ်ဖက်သောအုပ်ချုပ်ရေးအဖွဲ့များနှင့် လက်နက်ကိုင်တပ်များအကြား ယုံကြည်မှုတည်ဆောက်နိုင်ရန်နှင့် ငြိမ်းချမ်းဖြစ်စဉ်ပိုမိုအားကောင်းလာစေရန်အတွက် ရွာသူ/သားများလည်း ပူးပေါင်းပါဝင်မှုရှိသော တွေ့ဆုံဆွေးနွေးပွဲများကို ကျင်းပပေးခြင်းအားဖြင့် ပုံမှန်ထိတွေ့မှုရှိလာပြီး ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ကာ ဒေသအတွင်းဖြစ်ပေါ်လာသည့် ပြဿနာများကို တစ်ဖက်နှင့်တစ်ဖက် အပြစ်တင်ကြပြီး ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားမှုမရှိစေဘဲ ငြိမ်းချမ်းစွာဆွေးနွေး ဖြေရှင်းနိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဉ်အား တည်ဆောက်နိုက်ရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ပဏာမပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးချိန်မှစတင်ပြီး နှစ်ဖက်တာဝန်ရှိသူများ၏ သဘောတူညီမှုဖြင့် ငြိမ်းချမ်းရေးအထောက်အကူပြု စီမံကိန်းအား သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် NPA မှကူညီထောက်ပံ့မှုပေးပြီး အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင်လည်း နှစ်ဖက်သော အထက်လူကြီးများ၏ ချမှတ်ပေးခဲ့သည့် အစီအစဉ်ဖြင့် စီမံကိန်းအဆင့် (၁/၂/၃/၄/၅)များကို ကျောက်ကြီးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကရင်ပြည်နယ်အတွင်း အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပြီး စီမံကိန်းအဆင့်(၆)အား ယခု တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် ကျောက်ပုံလယ်ကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာ KNU ဆက်ဆံရေးရုံးတွင် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။