Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ICON Shopping Center တောင်ငူ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ICON Shopping Center တောင်ငူ ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

ဇန်နဝါရီ ၁၁ (တောင်ငူ)
————————–

တောင်ငူမြို့ မင်းကြီးညိုရုပ်တုရှေ့၊ ရန်ကုန်-မန္တလေးလမ်းနှင့် သံတောင်လမ်းဒေါင့်တွင် ဇန်နဝါရီလ(၁၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ICON Shopping Center တောင်ငူ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ICON Shopping Center တောင်ငူအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်တင်တင်ဝင်း၊ ICON Shopping Center ဦးဆောင်သူ ဦးမျိုးဆွေနှင့် ICON Shopping Center ၏ မိခင်ကြီးဒေါ်လှသိန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ICON Shopping Center ဦးဆောင်သူ ဦးမျိုးဆွေတို့က ICON Shopping Center တောင်ငူ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ICON Shopping Center အတွင်း လှည့်ကြည့်ရှုကြသည်။
ထို့နောက် Royal Kaytumadi Hotel ဘုရင့်နောင်ခန်းမတွင် အလှူငွေပေးပွဲ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် ICON Shopping Center ၏ ဦးဆောင်သူ ဦးမျိုးဆွေတို့က ဖွင့်ပွဲအမှတ်တရ စကားပြောကြားကြပြီး ပရဟိတအဖွဲ့(၂၀)ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။
ICON Shopping Center တောင်ငူသည် (၃)ထပ်အဆောက်အဦဖြစ်ပြီး ဈေးဆိုင်ခန်းများ မြောက်များစွာအပြင် မင်္ဂလာရုပ်ရှင်ရုံနှင့် ကလေးကစားကွင်းလည်း ပါရှိကြောင်းသိရသည်။ ပဲခူးမြို့တွင်လည်း ၂၀၁၆ ခုနှစ်က (၅)ထပ်အဆောက်အဦ ICON Shopping Centerအဖြစ် ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း သတင်းရရှိသည်။