Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးလေးဘုရားသို့ သွားရောက်ဖူးမျှော် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရွှေကျင်မြို့နယ် ကျိုက်ထီးရိုးလေးဘုရားသို့ သွားရောက်ဖူးမျှော် ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူများနှင့်တွေ့ဆုံ

ဇန်နဝါရီ ၁၂ (ရွှေကျင်)
————————

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၂)ရက်နေ့ နေ့လည်(၁၂:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ရွှေကျင်မြို့နယ် မူစေးခိုတောင်တန်းပေါ်ရှိ သမိုင်းဝင်ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျိုက်ထီးရိုးလေးစေတီတော်မြတ်ကြီးသို့ ဖူးမျှော်ကြည်ညိုခဲ့သည့်အပြင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဘုန်းတော်ကြီးကျောင်း၌ မြို့နယ်သံဃနာယအဖွဲ့ဥက္ကဌ ဆရာတော်နှင့် ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီး ဘက်စုံဖွံ့ဖြိုးရေး အသုံးပြုနိုင်ရန်အတွက် ဂေါပကအဖွဲ့ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
ကျိုက်ထီးရိုးလေး စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၅၀၀)ခန့် သက္ကရာဇ်(၈၆၀)ဝန်းကျင်တွင် မူစေးခိုရွာသူကြီး ဦးစောလယ်ကော်ဖူးနှင့်ဇနီးတို့မှ ကျိုက်ထိုမြို့ရှိဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား တောင်ယာလုပ်ငန်းအပြီး သွားရောက်ဖူးမျှော်ရာ ကျိုက်ထီးရိုးတောင်အနီး မတ်စောက်သော တောင်နေရာအရောက်တွင် ဆက်မတက်နိုင်သဖြင့် ညအိပ်ရပ်နားခဲ့ကြသည်။ ညအိပ်စဉ်ထူးဆန်းသော အိမ်မက်မက်ပြီး အိမ်မက်ထဲ၌ဝတ်ဖြူ စင်ကြယ်ဝတ်ထားသူတစ်ဦးမှ ရွာ၏အရှေ့ဘက် မူစေးခိုတောင်ပေါ်တွင် ကျိုက်ထီးရိုးစေတီကဲ့သို့ ဘုရားတစ်ဆူရှိကြောင်း တွေ့အောင်ရှာပြီး ကြည်ညိုကြရန်ပြောပြီး ပျောက်ကွယ်သွားရာ ဦးစောလယ်ကော်ဖူးနှင့်အဖွဲ့သည်လည်း အိမ်မက်အရ မူစေးခိုတောင်ပေါ်တွင် ရှာဖွေရာ ကျောက်တုံးကိုတွေ့ရှိပြီး စေတီတည်ထားကိုးကွယ်ခဲ့ကြောင်း သမိုင်းမှတ်တမ်းအရသိရသည်။
အဆိုပါ ကျိုက်ထီးရိုးလေးစေတီရင်ပြင်တွင် ကျိုက်ထီးရိုးလေးစေတီနှင့်အတူ အရံစေတီ(၄)ဆူ၊ ဆင်းတုတော်(၄)ဆူ၊ မတ်တပ်ရပ်ရုပ်ပွားတော်(၁)ဆူရှိပြီး နှစ်စဉ်တန်ခူးလပြည့်နေ့၌ ဘုရားပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြကြောင်းသိရှိရပြီး ယခုအခါဘုရားဖူးပြည်သူများ သွားလာမှုလွယ်ကူချောမွေ့စေရန်အတွက် စက်လှေများစီစဉ်ထားရှိခြင်း၊ တောင်တက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် ပြုပြင်ခင်းပေးခြင်းများ ပြုလုပ်ထားရှိကာ နေ့စဉ်ဘုရားလာရောက် ဖူးမျှော်သူများမှာ အနည်းဆုံး(၃၀၀)ဦးခန့်ရှိပြီး နိုင်ငံတော်ရုံးပိတ်ရက်များတွင် ဘုရားလာရောက်ဖူးမျှော်သူ (၁၀၀၀)ဦးကျော်ရှိကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညနေ(၃:၃၀)နာရီအချိန်တွင် ရွှေကျင်မြို့နယ် ဝိုင်ပျဉ်ရေကျေးရွာအုပ်စု၊ ပျဉ်ရေကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူများနှင့် မိသားစုစကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရေးအရင်းမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ လိုက်နာဆောင်ရွက်လုပ်ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနအလိုက် ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို အသိပညာပေးဟောပြောကြသည်။
ယင်းနောက် ဒေသခံပြည်သူများက မြစိမ်းကျွန်းမြေနေရာ၊ (၁၈)လံအင်းကောမြေနုအား ဥပဒေနှင့်ခွဲဝေပေးရန်ကိစ္စရပ်၊ ပျဉ်ရေကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ(၁)ခုဖွင့်လှစ်ပေးရန်၊ ကျောက်ကြီးချောင်းတံတား ဆောက်လုပ်ပေးရန်၊ ပုံစံ(၇)ပြုလုပ်ရမည့် အခြေအနေနှင့် အခြားမြေယာဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။