Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်အား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးချောင်းရေလှောင်တမံ ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်အား ကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၁၂ (ဖြူး)
————————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်နှင့်အတူ ဖြူးမြို့နယ်အတွင်း တည်ဆောက်နေသည့် ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်း ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းခွင် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ တည်ဆောက်ရေး(၁)ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးကိုကိုဦးတို့က ရှင်းလင်းတင်ပြကြပြီး ဝန်ကြီးချုပ်မှ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိစေရေး၊ တည်ဆောက်တူးဖော်ခြင်းလုပ်ငန်း အရည်အသွေးပြည့်မီအောင် စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရေးနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းလုပ်ငန်းသည် ဖြူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၁၁၅)၏ အနောက်ဘက်(၅)မိုင်ခန့်အကွာတွင် တည်ရှိပြီး ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အတွင်းရှိ စီမံကိန်းလျာထားရေသောက်ဧရိယာ (၉၀၀၀၀)ဧကကို စိုက်ပျိုးရေပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ် တပ်ဆင်အင်အား (၂၀)မဂ္ဂါဝပ်(၂)လုံးဖြင့်နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီ(၁၂၀)သန်း ထုတ်လုပ်သွားနိုင်ရန်အပြင် စစ်တောင်းမြစ်ရေးကြီးရေလျှံမှုမှ လျော့ပါးသက်သာစေရန် စသည့် လူမှုစီးပွားဘဝဆိုင်ရာ အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ဖြင့် (၁၉၆၃)ခုနှစ်မှစတင်၍ စူးစမ်းလေ့လာမှုများပြုလုပ်ခဲ့သော စစ်တောင်းမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင်ပါဝင်ပြီး ၂၀၀၂ ခုနှစ်အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေအားလျှပ်စစ်ဆိုင်ရာ အဆောက်အအုံများနှင့် ရေလွှဲဆည်တို့ကို ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် တည်ဆောက်ပြီးခဲ့ပြီးဖြစ်ကြောင်းနှင့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများသာ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိကြောင်းသိရသည်။
ဆောင်ရွက်ရန်ကျန်ရှိနေသည့် ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၂-၂၀၁၃ခုနှစ်တွင် ဆောင်ရွက်ခဲ့ရာ ခွဲဝေရန်ပုံငွေအခြေအနေအရ(၂၀၁၈-၂၀၁၉)ခုနှစ်အထိ (၂၁%)သာဆောင်ရွက်ပြီးစီးခဲ့ပြီး စီမံကိန်းလျာထားဧရိယာဧက(၉၀၀၀၀)အနက် (၆၈၀၀)ဧကကိုရေပေးဝေနိုင်ခဲ့သည်။ (၂၀၁၉-၂၀၂၀)ခုနှစ်ကုန်တွင် ရရှိသော ရန်ပုံငွေဖြင့် လုပ်ငန်းအားလုံးပြီးစီးပါက ဧက(၁၀၀၀၀)ပိုမိုလာမည်ဖြစ်ပြီး စုစုပေါင်း(၁၆၈၀၀)ဧကအား ဆည်ရေပြည့်ဝစွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆည်ရေသောက်စနစ်ဆိုင်ရာ အချက်အလက်များအနေဖြင့် တူးမြောင်းမကြီး(၂)ခု (၁၉)မိုင်၊ မြောင်းခွဲ(၁)ခု (၂၀)မိုင်၊ လက်တံမြောင်းများ(၂၄)ခု (၇၅)မိုင်၊ လက်တံမြောင်းခွဲများ(၂၀၆)ခု (၃၅၈)မိုင်၊ တူးမြောင်းအဆောက်အအုံ(၃၅၉၅)ခုဖြစ်ပြီး ဖြူးချောင်းရေလှောင်တမံ၏ အမျိုးအစားမှာ ဇုန်အမျိုးအစား ကျောက်ဖြည့်တမံဖြစ်သည်။
ဆည်ရေသောက် ရေပေးတူးမြောင်းများ မရောက်ရှိသေးသည့် ဖြူးမြို့နယ်အရှေ့ဘက်ခြမ်းဒေသမှ တောင်သူများ နွေစပါးစိုက်ပျိုးနိုင်ရန် ဇယားချောင်းနှင့် ငနုသန်းချောင်းစသည့် ချောင်းရိုး၊ မြောင်းရိုးများမှတဆင့် ဆည်ရေချပေးခဲ့ပြီး ချောင်းပိတ်စနစ်ဖြင့် ၂၀၁၇-၂၀၁၈ခုနှစ်တွင် နွေစပါးဧက(၅၀၀၀)ကျော် စိုက်ပျိုးအောင်မြင်ခဲ့သည့်အတွက် ၂၀၁၈-၂၀၁၉ခုနှစ်တွင်လည်း ဆည်ရေဖြင့်(၄၈၀၀)ဧက၊ ဆည်ရေချောင်းပိတ်စနစ်ဖြင့် (၈၀၀၀)ဧကကို နွေစပါးစိုက်ပျိုးရန် ဆည်ရေပေးဝေခဲ့ပြီး ၂၀၁၉-၂၀၂၀ခုနှစ်တွင် တူးမြောင်းစနစ်ဖြင့် (၆၈၀၀)ဧက၊ ချောင်းပိတ်စနစ်ဖြင့် (၅၅၀၀)ဧက၊ စုစုပေါင်း(၁၂၃၀၀)ဧကကို ရေပေးဝေနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဖြူးချောင်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် စစ်တောင်းမြစ်ဝှမ်းဒေသအတွင်း စိုက်ပျိုးရေးနှင့် ရေဘေးကာကွယ်ရေး မဟာဗျူဟာများနှင့် ဆက်စပ်လျှက်ရှိပြီး လျှပ်စစ်စွမ်းအင်ကဏ္ဍအတွက်လည်း အရေးပါသည့် ဘက်စုံစီမံကိန်းတစ်ခုဖြစ်၍ ဆည်ရေသောက်တူးမြောင်းစနစ်အား ရည်မှန်းလျာထားချက်အတိုင်း အပြည့်အဝ ပြီးစီးအောင်ဆောင်ရွက်နိုင်ပါက ဖြူးနှင့်အုတ်တွင်းမြို့နယ်များအတွင်းရှိ ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ ရေရှည်အကျိုးစီးပွားရေးနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ထောင်စုနှစ်အလွန် ရည်မှန်းချက်များကိုလည်း အထောက်အကူပြုနိုင်သော စီမံကိန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။