Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်း ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်း ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဇန်နဝါရီ ၂၅ (ပြည်)
=====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၅)ရက်နေ့၊ နံနက်(၈:၃၀) အချိန်က ပြည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဇီးအုပ်စခန်း၌ စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်း ဆောက်လုပ်နေမှုအား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ၊ စိုက်ပျိုးရေးစခန်း တာဝန်ရှိသူနှင့် တည်ဆောက်ရေးတာဝန်ခံတို့မှ လိုက်လံရှင်းလင်းပြခဲ့သည်။
အဆိုပါ စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့မှစတင်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်(၂၂၂)သန်းဖြင့် စတင်ဆောက်လုပ်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင် လုပ်ငန်းပြီးစီးအပ်နှံရမည်ဖြစ်သည်။ ယင်းသင်တန်းကျောင်း၌ တောင်သူ(၅၆)ဦးဆံ့ အိပ်ဆောင်၊ စာသင်ဆောင်၊ စားသောက်ဆောင်တို့ပါဝင်မည်ဖြစ်ပြီး တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတနှင့် နည်းပညာများ၊ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်(GAP)များ၊ ဟင်းသီးဟင်းရွက်နှင့်ပတ်သက်သည့် သြဂဲနစ် စိုက်ပျိုးနည်းစနစ်များစသည်တို့ကို သင်ကြားပို့ချပေးမည်ဖြစ်ပြီး (၁)လလျှင် (၂)ကြိမ်နှုန်း သင်တန်းဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။