Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇန်နဝါရီ ၂၅ (ပေါင်းတလည်)
==============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉:၀၀) အချိန်က ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ကုန်းဇင်းကျောင်းရွာ သဒ္ဓမ္မမဉ္ဇီကျောင်းတိုက်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သဒ္ဓမ္မမဉ္ဇီဘုန်းတော်ကြီးကျောင်း ဆရာတော်အား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး  ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲဆက်လက်ကျင်းပပြုလုပ်ရာ ဒီမိုကရေစီနိုင်ငံတစ်ခု၌ အစိုးရ၊ ပြည်သူ လက်ခံကျင့်သုံးရမည့် ဒီမိုကရေစီစံနှုန်းများ၊ အစိုးရ၏ ဦးစားပေးဆောင်ရွက်နေသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၊ ပညာရေးဆိုင်ရာမျှော်မှန်းချက်များကိုလည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျေးလက်လမ်း/တံတားနှင့် ကျေးလက်မီးလင်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက နွေးစပါးရေပေးဝေရေးနှင့် ဆည်/တမံများ တည်ဆောက်ပေးထားရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက လယ်ယာမြေနှင့် မြေလွတ်မြေရိုင်း စိုက်ပျိုးလုပ်ကိုင်ခွင့် ဥပဒေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ညောင်တုန်း-ပေါင်းတမော့ ကျေးရွာချင်းဆက်လမ်းအား ကျောက်ချောလမ်းခင်းပေးရန်၊ လှည်းသည်း-ရွာသစ် ကျေးလက်လမ်းအား ကျောက်ချောလမ်းခင်းပေးရန်၊ ဗြူးကုန်းရွာအဝင် ဂုံးတံတားနှင့် ကျေးလက်လမ်း ပြုပြင်ပေးရန်၊ ကြိုးကုန်း-နွယ်ကျော်-ဗြဟော် ကျေးရွာချင်းဆက်လမ်း မြေနီခင်းပေးရန်၊ ကံရွာကျေးရွာအတွင်း ဂုံးတံတားပြုပြင်ပေးရန်၊ ချောင်းကွေးတံတားပြုပြင်ပေးရန်၊ လက်ပံတောကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၉၇)ကွင်းရှိ ကုန်ထုတ်လမ်း၊ ဥသျှစ်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၇၃၆)ကွင်းရှိ ကုန်ထုတ်လမ်း မြေနီခင်းပေးရန်၊ တောင်နဝင်းချောင်း ကမ်းပါးပြိုကျနေမှု ဆောင်ရွက်ပေးရန်၊ ကုန်းဇောင်းကျေးရွာ ထရန်စဖော်မာ အသစ်လဲပေးရန်၊ သူဌေးကုန်းကျေးရွာနှင့် တဲကုန်းကျေးရွာတို့မှ ကျေးလက်မီးလင်းရေးဆောင်ရွက်ပေးရန်၊ မြောင်းဆုံကျေးရွာရှိ လယ်ယာမြေများအပေါ် ဖြတ်သန်းဖောက်လုပ်ထားသော ရထားလမ်းအတွက် လျော်ကြေးပေးရန်၊ ဂွေးပင်ကုန်းကျေးရွာ ရွာလယ်ချောင်း ပြန်လည်တူးဖော်ပေးရန်နှင့် ရေဆိုးထွက်ပေါက်များ ဖောက်လုပ်ပေးရန်၊ မြို့လှရွာ၌ ကျေးရွာမြေငှားဂရန် ချထားပေးရန်၊ အမကရွာသစ်ကြီး မူလတန်းကျောင်း ပျက်စီးနေမှုအား အသစ်ပြန်လည်ဆောက်လုပ်ပေးရန်၊ မြောက်ခွေးရဲ အထက(ခွဲ)နှစ်ထပ် ကျောင်းဆောင်သစ်ချထားပေးရန်၊ ရွာမကျေးရွာ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပေးရန်၊ ပေါင်းတလည်မြို့ ပြည်သူ့ဆေးရုံအား (၂၅)ကုတင်ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ပေးရန်၊ ပေါင်းတလည်မြို့မစျေးအား အဆင့်မြှင့်တင်ပေးရန်၊ ရွာမကျေးရွာအုပ်စ အရန်မီးသတ်တပ်စုအတွက် လိုအပ်သော မီးသတ်ကားရရှိနိုင်ရေးနှင့် ပေါင်းတလည်မြို့ မီးသတ်စခန်း အဆောက်အဦများ ဆောက်လုပ်ပေးရန်၊ ပေါင်းတလည်မြို့၊ အမကကုန်းတန်းကျောင်းမြေနေရာ တိုင်းတာပေးရန်၊ ပေါင်းတလည်မြို့ နွားပွဲစျေးမြေနေရာအား မြို့မြေအဖြစ်သတ်မှတ်ပေးရန်စသည်တို့အား တင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။