Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း သဲကုန်းမြို့နယ်၊ အင်းမမြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း သဲကုန်းမြို့နယ်၊ အင်းမမြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇန်နဝါရီ ၂၆ (အင်းမ)
===================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ (၂၆)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်က သဲကုန်းမြို့နယ်၊ အင်းမမြို့၊ မြို့လယ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် ပြည်သူများကို ထိရောက်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် ပြည်သူနှင့်ဌာနဆိုင်ရာအကြား နှစ်ဦးနှစ်ဘက် ဆက်ဆံရာတွင် မကြေလည်မှုများ၊ ကြုံတွေ့ရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ ပြည်သူများကိုလည်း ခေတ်နှင့်အညီ စနစ်ကျသော မြေယာအသုံးချမှုများ၊ စနစ်ကျသော လမ်း/တံတားများ၊ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦများ ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် မိမိတို့အစိုးရတွင် တာဝန်ရှိပြီး၊ ဒေသခံအများစုသည် ကျေးလက်နေ တောင်သူလယ်သမားဖြစ်သည့်အတွက် ဒေသထွက် စားသောက်ကုန်ပစ္စည်းများ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထွက်ရှိနိုင်ရေး၊ ကျန်မာရေးနှင့် ညီညွတ်သော သြဂဲနစ်စားသောက်ကုန်များ ထွက်ရှိနိုင်ရန် အသိပညာပေးခြင်းကိုလည်း အဓိကထား  လုပ်ဆောင်ပေးလျက်ရှိပါကြောင်း၊ မိမိတို့အစိုးရသည် ပြည်သူတစ်ဦးချင်းစီကို တန်ဖိုးထားသော လူသားဝါဒဆန်သော ဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိ၍ အနာဂတ်တွင် အကြောက်တရားကင်းရှင်းပြီး တရားဥပဒေကို လေးစားလိုက်နာသော စည်းကမ်းရှိသော ပညာဉာဏ်ဖြင့် လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာနိုင်စေရန် ကောင်းမွန်သော ဒီမိုကရေစီ မျိုးစေ့ကိုချထားပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရသည့် ဥပဒေကိုလည်းကောင်း၊ လမ်းမကြီးဆိုင်ရာ သိရှိလိုက်နာရမည့် ဥပဒေကိုလည်းကောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)၏ သိကောင်းစရာ၊ မြေပုံရေးကူးပေးခြင်း(၁၀၅/၁၀၆) ဆိုင်ရာသိကောင်းစရာနှင့် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေအကြောင်းကိုလည်းကောင်း သက်ဆိုင်ရာဌာနဆိုင်ရာများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သီရိရတနာရပ်ကွက်ရှိ ဆောက်လုပ်ရေးဝန်းကို အများပြည်သူအတွက် ပန်းခြံနှင့်ခန်းမပြုလုပ်ပေးရန်၊ ချမ်းမြေ့သမကန်တရာအတွင်း သိမ်းဆည်းခံလယ်မြေများအတွက် ဖြေရှင်းပေးရန်၊ လယ်ယာမြေများ ပုံစံ(၇)ရရှိထားသော်လည်း လုပ်ကိုင်ခွင့်မရရှိသေးသည့်ကိစ္စဖြေရှင်းပေးရန်၊ ခမရ(၅)မှ သိမ်းဆည်းထားသည့် မြေယာကိစ္စဖြေရှင်းပေးရန်၊ လယ်ယာမြေပေါ် ကျူးကျော်နေအိမ်များ ဆောက်လုပ်ထားခြင်းကြောင့် ကုန်ထုတ်လမ်းအခက်အခဲဖြစ်နေမှုအား ဖြေရှင်းပေးရန်၊ ခမရ(၄)မှ တပ်သိမ်းဆည်မြေကိစ္စ ဖြေရှင်းပေးရန်၊ အောင်ကုန်းကျေးရွာ၊ ကွင်းအမှတ်(၉၂၁)၊ အနောက်ကွင်း၊ လယ်မြေ(၄၁)ဧကအား မတရားသိမ်းဆည်းခံရမှုအား ဖြေရှင်းပေးရန်၊ အမှတ်(၆) တပ်မတော်ဆေးရုံ၊ ကုတင်(၁၀၀)ဆေးတပ်မှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေကိစ္စဖြေရှင်းပေးရန်၊ ဓါတ်သတ္တုလိုင်စင် လျှောက်ထားရာတွင် ကြန့်ကြာမှုများရှိနေ၍ ဖြေရှင်းဆောင်ရွက်ပေးရန်၊ သီရိသုခရပ်ကွက်အတွင်း လမ်းမီးတိုင်များ စိုက်ထူပေးရန်၊ ထန်းပင်မှော်ကျေးရွာအုပ်စု ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးရန်၊ မအူကုန်းလျှပ်စစ်ကော်မတီ ဖျက်သိမ်းပေးရန်နှင့် လျှောက်ထားပြီး မီတာများ တပ်ဆင်ပေးရန်၊ ညောင်ဝင်း-လက်ပံပင်လေးကျေးရွာ မီးလင်းရန်ကျန်သည့် အိမ်ခြေ(၃၆၀)အား လျှပ်စစ်မီတာထပ်မံချထားပေးရန်၊ သီရိမင်္ဂလာရပ်ကွက်တွင်းလမ်းများ ကတ္တရာခင်းပေးရန်၊ သီရိမင်္ဂလာရပ်ကွက်နှင့် တောင်ကြို့ကုန်းကျေးရွာသို့ ဆက်သွယ်ထားသောလမ်းအား အဆင့်မြှင့်တင်ပေးရန်၊ အင်းမ-အင်ငူလမ်းအား ကွန်ကရစ်ခင်းပေးရန်၊ ကျွဲခေါင်းအုပ်စုနှင့် ပေါင်းတည်မြို့နယ်၊ ကျုံးကျုံးကျအုပ်စုလမ်းအား မြေနီကျောက်ချောလမ်း ခင်းပေးရန်၊ ရပ်ကွက်/ ကျေးရွာများတွင် သောက်သုံးရေဖူလုံစွာရှိနိုင်ရေး အဝီစီတွင်းနက် တူးဖော်ပေးရန်၊ သစ်ချိုကျေးရွာအနီး ဆည်မြောင်းဘောင်ဂုံးတံတား တည်ဆောက်ပေးရန်၊ သဲကောကျေးရွာနှင့် ကရင်ကုန်းကျေးရွာအုပ်စု ဆက်သွယ်ထားသည့်  မြစ်မခချောင်းကူးတံတား ဆောက်လုပ်ပေးရန်၊ ကျေးသားကျေးရွာအုပ်စုနှင့် တံခွန်တိုင်ကျေးရွာအုပ်စုတို့မှ သဘာဝဘေးအန္တရာယ်ကြောင့် မိုးစပါးများ ပျက်စီးခဲ့ရသည့် စိုက်ပျိုးရေးဘဏ်ချေးငွေအား ခေတ္တဆိုင်းငံ့ပေးရန်၊ ကြို့ပင်သာကျေးရွာအုပ်စုနှင့် ဂွေးကုန်းကျေးရွာအုပ်စုတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဆောက်လုပ်ပေးရန်၊ ထန်းပင်မှော်ကျေးရွာအတွင်းရှိ ရေထိန်းတာတမံ(၂)ခုအား အဆင့်မြှင့်တင် ပြင်ဆင်ပေးရန်၊ ကြို့ပင်သာမှ အုတ်ဖိုစုအထိ ဝဲကြီးချောင်း (၁၀)မိုင်ခန့်အား ပြန်လည်တူးဖော်ပေးရန်၊ တုံးကူးချောင်းအား ပြန်လည်တူးဖော်ပေးရန်စသည်တို့ကို တင်ခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက အင်းမမြို့၊ သီရိရတနာရပ်ကွက် မီးလင်းရေးအတွက် အလှူငွေကျပ် (၁၆၇၈၅၈၀ဝိ/-) တစ်ရာခြောက်ဆယ့်ခုနှစ်သိန်း ရှစ်သောင်းငါးထောင့်ရှစ်ရာ တိတိ) အား ထောက်ပံ့လှူဒါန်းခဲ့ရာ သဲကုန်းမြို့နယ် မီးလင်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဝေစိုးနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌတို့မှ လက်ခံရယူခဲ့သည်။
အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။