Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း မိုးညိုမြို့နယ်၊ ငကျီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း မိုးညိုမြို့နယ်၊ ငကျီးကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၆ (မိုးညို)
====================

ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မိုးညိုမြို့နယ်၊ ငကျီးကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့တာ ကြာညောင်းခဲ့သော်လည်း တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အတ္တကိုရှေ့တန်းထားပြီး အယူဝါဒမျိုးစုံ လက်ကိုင်ထားရှိခဲ့တဲ့ ဆိုးမွေတွေကြောင့် ငြိမ်းချမ်းရေးကို မရရှိဘဲ ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှုနောက်ကျခဲ့ပြီး ကျဆုံးတိုင်းပြည် တစ်ခုအနေဖြင့်သာ ရပ်တည်ခဲ့ရကြောင်း၊ အဓိကအားဖြင့် ယခင်ခေတ်ကာလများက ဒီမိုကရေစီစနစ်တွေ မကျင့်သုံးခဲ့ဘဲ အာဏာရှင်စနစ်ဖြင့် တိုင်းပြည်ကို တည်ဆောက်ခဲ့ခြင်းကြောင့် အကြောက်တရားပေါ် အခြေခံပြီး မကျေနပ်မှုများ၊ အသင်းအဖွဲ့ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ ဒါကြောင့် ယနေ့ခေတ်အခါသည် ပြုပြင်ပြောင်းလဲရေး အချိန်ကာလတစ်ခုကို ရောက်ရှိလာခဲ့ပြီး မတူညီချက်များကို ပေါင်းစုပြီး အတူယှဉ်တွဲ နေထိုင်လုပ်ကိုင်ကြခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုများ ပိုမိုရရှိလာကာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ပေးနိုင်မည်ဖြစ်ပြီး၊ ထိုသို့သော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ဒီမိုကရေစီစနစ်မှလွဲ၍ အခြားနည်းလမ်းမရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက အိမ်ထောင်စုစာရင်းပုံစံ(၆၆)နှင့် နိုင်ငံသားကတ် ရရှိရေး ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေကိုလည်းကောင်း၊ ဝူဟန်ဗိုင်းရပ်ရောဂါ ဖြစ်ပွားနေမှုနှင့် ကြိုတင်ကာကွယ်ရမည့် အချက်များကိုလည်းကောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ သက်ငယ်မုဒိန်းနှင့် တစ်လင်တစ်မယား ဥပဒေတို့ကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြပေးခဲ့သည်။
ယင်းနောက် လိသလွန်စစ်ကုန်း(၂)ကျေးရွာ၊ ဗောတိကုန်းကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ ကရင်ချောင်းကျေးရွာ၊ တောရကုန်းကျေးရွာ၊ ချောင်းမကျေးရွာနှင့် ရှားဖြူကုန်းကျေးရွာတို့မှ ကျေးလက် လမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်၊ ငါးကျီးကျေးရွာမှ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးရန်၊ ကရင်ချောင်းကျေးရွာမှ စာသင်ကျောင်း ကျောင်းဆောင်သစ်ဆောင်ရွက်ပေးရန်၊ အိုးဘိုကျေးရွာမှ ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ပေးရန်၊ ထန်းပင်ကုန်းကျေးရွာ၊ အင်းပွားကြီးကျေးရွာ၊ ရောက်ချောင်းကျေးရွာ၊ ဗောဓိကုန်းကျေးရွာနှင့် ကရင်ချောင်း ကျေးရွာတို့မှ ကျေးလက်ကုန်ထုတ်လုပ်များ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရှိသည်။