Home / ဇီးကုန်းမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ်အတွင်း ဗိုလ်ချုပ်ကြေး ရုပ်အဆင့်မြှင့်တင်မှုနှင့် သံပရာကုန်တံတား မြေထိန်းပဲ့ကျမှုတို့ ကွင်းဆင်းကြည့်ရှု

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ်အတွင်း ဗိုလ်ချုပ်ကြေး ရုပ်အဆင့်မြှင့်တင်မှုနှင့် သံပရာကုန်တံတား မြေထိန်းပဲ့ကျမှုတို့ ကွင်းဆင်းကြည့်ရှု

ဇီးကုန်း ဖေဖော်ဝါရီ ၇
===================

ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်(၈) နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် အဆင့်မြှင့်တင်မှုနှင့် သံပရာကုန်တံတား မြေထိန်းပဲ့ကျမှုတို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ရပ်မိ/ရပ်ဖများက ဗိုလ်ချုပ်ကြေးရုပ် ပရဝုဏ်အား ဆေးများအဆင့်မြှင့်တင်ခြင်း၊ အများပြည်သူများအတွက် လေ့ကျင့်ရေး အားကစားပစ္စည်းများ ထားရှိပေးမည့် အစီအစဉ်များ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ဆေးသားများမြှင့်တင်ရာတွင် အကောင်းဆုံးဆေးသားများအသုံးပြုရန်၊ အများပြည်သူ ကျန်းမားရေးသုံး လေ့ကျင့်ခန်းအားကစားပစ္စည်းများကိုလည်း ထားရှိရာ၌ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက်တိုင်ပင်၍ ထားရှိပေးရန်၊ ဗိုလ်ချုပ်ကြေးရုပ်သည် မြို့ကျက်သရေဆောင်တစ်ခုထဲတွင် ပါဝင်သည်ဖြစ်ရာ သေချာစိစစ်ဆောင်ရွက်ရန် မှာကြားပေးသည်။
အဆိုပါ ဗိုလ်ချုပ်ကြေးရုပ် ပရဝုဏ်အဆင့်မြှင့်တင်မှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရတာဝန်ရှိသူများသည် ဇီးကုန်းမြို့ သံပရာကုန်အမှတ်(၂)ရပ်ကွက်၊ သံပရာကုန်တံတားသည်  မင်းဘူးချောင်းရေတိုက်စားမှုကြောင့် ပဲ့ကျနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဝန်ကြီးချုပ်က ချောင်းသည်ကွေ့၍ စီးဆင်းလျှက်ရှိရာ ရေတိုက်စားမှုကြောင့် တံတားဘေး မြေထိန်းများပဲ့ကျမှုကိုတွေ့ရှိကြောင်း သို့ပါသောကြောင့် RC ကော်လံ ကျောက်ကြီးစီ၍ အလျား(၄၅)ပေ အမြင့် (၁၈)ပေဖြင့် ပြန်လည်ပြင်ဆင်ရန် ၂၀၁၉-၂၀၂၀ခု ဘဏ္ဏာနှစ်တွင် လျာထားတင်ပြဆောင်ရွက်ထားကြောင်း တာဝန်ရှိသူမှ ပြန်လည်တင်ပြသည်။
ယင်းနောက် ဝန်ကြီးချုပ်က ကျေးရွာလမ်းများ အဆင့်မြှင့်တင်ရန် ဆက်လက်ကြည့်ရှုခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ ဒေသလိုအပ်ချက်များအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။