Home / ဇီးကုန်းမြို့နယ် / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ်၊ ညောင်ပင်ဘိုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဇီးကုန်းမြို့နယ်၊ ညောင်ပင်ဘိုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇီးကုန်း ဖေဖော်ဝါရီ ၇
===================

ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်(၉) နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ကူဖြူကျေးရွာအုပ်စု၊ ညောင်ပင်ဘိုကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက သယံဇာတ ပေါကြွယ်ဝသော နိုင်ငံတစ်ခုဖြစ်ခဲ့သော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် အဘက်ဘက်မှ နိမ့်ကျခဲ့ရခြင်းသည် နိုင်ငံသူ/သား အချင်းချင်း အတ္တကိုရှေ့တန်းတင်၍ လက်နက်ကိုင်စွဲ အာဏာစနစ်ဖြင့် အုပ်ချုပ်ခဲ့သော အုပ်ချုပ်ရေးစနစ် မှားယွင်းခဲ့ရာမှ ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ရပြီး ငြိမ်းချမ်းရေးနှင့် အလှမ်းကွာဝေးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ နောက်တစ်ချက်က ခေတ်နှင့်ဆီလျော်သော ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိခြင်းကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် အစိုးရပိုင်းမှ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ လွှတ်တော်မှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲမှု၊ တရားရေးပိုင်းမှလည်း တရားဥပဒေစိုးမိုးနိုင်ရေး ပြစ်မှု၊ ပြစ်ဒဏ် မျှတမှုရှိစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေးကာလကို နည်းလည်သဘောပေါက်စွာဖြင့် အတူပူးပေါင်းလိုက်ပါ ပြောင်းလဲရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရာသီဥတုအလိုက် ဖြစ်ပေါ်တတ်သည့် ကူးစက်ရောဂါနှင့် ကာကွယ်ရမည့် နည်းလမ်းများ၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းစီးဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်များ၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် ဥပဒေဆိုင်ရာ သိကောင်းစရာများတို့အား သက်ဆိုင်ရာဌာနဆိုင်ရာများက ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ပေါက်ပင်ဆိပ်ရွာ ကျေးလက်မီးလင်းရေး ကုန်ကျစရိတ်များ တွက်ချက်တင်ပြထားမှု အခြေအနေအား ဖြေရှင်းပေးရန်၊ ဝက်ကော်ကျေးရွာ မီးလင်းရေးဆောင်ရွက်ပေးရန်၊ ရှမ်းစုကျေးရွာနှင့် အထက်ရှမ်းစုကျေးရွာ ချောင်းကူးတံတားတစ်စင်း ဆောက်လုပ်ပေးရန်၊ တယ်ပင်ကန်ကျေးရွာမှ မီးလင်းရေးနှင့် အေးမြသာယာလမ်း ပေ(၁၀၀၀) မြေနီလမ်းခင်းပေးရန်၊ သစ်မျှောကြီးကျေးရွာ အဝင်တံတား ပြန်လည်ပြုပြင်တည်ဆောက်ပေးရန်၊ အမှတ်(၁)ရပ်ကွက် စည်ပင်လမ်းဆက်မှ ကူဖြူ-ညောင်ပင်ဘိုရွာမ ရွာတွင်းနှင့် ရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်း ခင်းပေးရန်၊ ညောင်ပင်ဘို(မူလွန်)ကျောင်းအား အလက(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ ကူဖြူရွာသစ် ရွာတွင်း(၄၀၀)ဗို့ လျှပ်စစ်လိုင်း ဆောင်ရွက်ပေးရန်၊ ဘော်ဘင်ကျေးရွာတွင် တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရန်၊ သက္ကယ်ပြင်ကျေးရွာ မီးလင်းရေး ဆောင်ရွက်ပေးရန်၊ ဇရပ်လှ-ညောင်ဝိုင်းလမ်း အရှည်ပေ(၃၇၀၀)အား မြေနီလမ်းခင်းပေးရန်၊ မယင်းအနောက်စုရွာထိပ်မှ မယင်းလက်ပံခုံရွာ အဆုံးထိ ကွန်ကရစ်လမ်းခင်းပေးရန်၊ မော်ရရေထိန်းတံခါး ပြန်လည်ပြုပြင်ပေးရန်၊ သစ်စင်ကျေးရွာ NEP လျှပ်စစ်မီးလင်းရေး ဆက်လက်ဆောင်ရွက်ပေးရန်၊ ဘုရားပျို(အလက)ကျောင်းအား အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်၊ သစ်ဖြူပင် ကတ္တရာလမ်းမှ ဘုရားပျိုကျေးရွာအထိ ကျန်ရှိသောလမ်း ပေ(၇၅၀၀)အား ဆက်လက်ဆောင်ရွက်ပေးရန်၊ ရွှေဖလားကျေးရွာနှင့် ရွာဝိုင်းကြီးကျေးရွာတို့တွင် (၄၀၀)ဗို့လိုင်း တပ်ဆင်ပေးရန်၊ အမှတ်(၁)ရပ်ကွက်၊ သံပုရာကုန်လမ်းပေါ်ရှိ သံပုရာကုန်(RPT)ကွန်ကရစ်တံတား မြေထိန်းနံရံပြိုကျနေမှုအား အမြန်ဆုံးဆောင်ရွက်ပေးရန်၊ လေးမျက်နှာ-ညောင်ဝိုင်း-ရေအိုးစဉ်ကုန်း အရှည်(၂)မိုင်လမ်းအား မြေနီလမ်းခင်းပေးရန်နှှင့် စပါယ်မျှောင်ကျေးရွာ အလက(ခွဲ)ကျောင်း၌ တိုးချဲ့ကျောင်းဆောင်သစ်များ ချထားပေးရန်တို့အား တင်ပြခဲ့ကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။