Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း နတ်တလင်းမြို့နယ်၊ တောင်ညိုကျေးရွာ၌ ဒေသခံပြည်သူးများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း နတ်တလင်းမြို့နယ်၊ တောင်ညိုကျေးရွာ၌ ဒေသခံပြည်သူးများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၇ (နတ်တလင်း)
======================

ဖေဖော်ဝါရီလ (၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် နတ်တလင်းမြို့နယ်၊ တောင်ညိုကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုလိုလူထုတွေ့ဆုံပွဲ လာရောက်ရခြင်းသည် ဒေသခံပြည်သူများအနေဖြင့် သစ်တောနှင့် မြေယာပြဿနာများ၊ ဆည်တမံဆိုင်ရာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ဖြစ်ကြောင်း၊ ပြည်သူ့အစိုးရအနေဖြင့် ပြည်သူလိုလားချက်များကို ဝန်ဆောင်မှုပေးရန်နှင့် တိုင်ပြည်၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင် မရှိမဖြစ် လိုအပ်နေသော စာသင်ကျောင်း၊ ဆေးခန်း၊ လမ်း/ တံတား၊ လျှပ်စစ်မီး စသည်တို့ကို အတတ်နိုင်ဆုံး ဘတ်ဂျက်နှစ်အလိုက် လျာထားဆောင်ရွက်ပေးရန်နှင့် အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်သူများ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန်ဖြစ်ကြောင်း၊ ပြည်သူများအကြား အဆင်မပြေမှုများ၊ အခက်အခဲများကို ဒီမိုကရေစီ နည်းလမ်းကျကျ စုပေါင်းညှိနှိုင်း ဖြေရှင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်လည်းဖြစ်ကြောင်း၊ ကျေးရွာ/ ရပ်ကွက်တစ်ခုမှစပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရေး လူ့အဖွဲ့အစည်းတစ်ခုလုံး စည်းလုံးညီညွှတ်မှု အခြေခံကောင်းများ ရှိစေရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းဆိုင်ရာ သိကောင်းစရာများအား သက်ဆိုင်ရာဌာနအသီးသီးက ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက စိုက်ပျိုးမြေအဖြစ် အသုံးပြုလျက်ရှိသော မြေနေရာများအား သစ်တောကြိုးဝိုင်းမြေအဖြစ်မှ ပယ်ဖျက်၍ ပုံစံ(၇)ရရှိရေး ဆောင်ရွက်ပေးရန်၊၊ ရဲစခန်း၊ ရဲကင်းများအား အဆင့်မြှင့်တင်ပေးရန်၊ ကျေးလက်မီးလင်းရေးများ ဆောင်ရွက်ပေးရန်နှင့် ကျေးလက် လမ်း/တံတား အဆင့်မြှင့်တင်ပေးရန်နှင့် ကျေးလက်ဆေးပေးခန်း ဆောက်လုပ်ပေးရန် စသည်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဌာနဆိုင်ရာများနှင့် ပေါင်းညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း(၂၈၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။