Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၁၅ (ပဲခူး)
======================

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၊ စမ္မာဥအွန်ဒုံး(SMU) ကိုရီးယားခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူ့အဖွဲ့တစ်ခုမှာ အထက်အောက်ဝါဒတွေ ကျင့်သုံးပြီး လူအချင်းချင်း အားကိုးတတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အထက်ကလူမှားယွင်းပါက အဲဒီလူ့အဖွဲ့အစည်းတစ်ခုလုံး မှားယွင်းကျဆုံးခဲ့သည်ကို နားလည်ရန်လိုအပ်ကြောင်း၊ မိမိကိုယ်တိုင် အားမကိုးဘဲ အခြားသူကိုသာ ယုံကြည်အားကိုးချင်စိတ်များကြောင့် နောက်လိုက်အဖြစ်နဲ့သာ ဘဝလမ်းဆုံးမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်ကာလသည် မိမိကိုယ်တိုင် ယုံကြည်အားကိုးချင်စိတ်များ ဖြစ်လာစေရန် ကြိုးစားရမည်ဖြစ်ပြီး အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အထများ ရရှိစေရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အာဏာနှင့် သူရဲကောင်းဝါဒကို ကျင့်သုံးခဲ့ခြင်းကြောင့် ယနေ့အချိန်အခါတွင် ပြဿနာတစ်ခုခု ဖြစ်ပွားလာပါက တစ်ဘက်နှင့်တစ်ဘက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ မလိုလားအပ်သော ပြစ်မှုများဖြစ်ပွားလျက်ရှိကြောင်း၊ အဓိကအားဖြင့် ပူးပေါင်းဆောင်ရွက်ပြီး ပြဿနာကိုအဖြေရှာတတ်သည့် လူ့အဖွဲ့အစည်းတစ်ခု မဖြစ်ပေါ်သေးသ၍ ပြစ်မှုများ ပိုမိုတိုးပွားမည်ဖြစ်ကြောင်း၊ ဒါကြောင့် ဓမ္မနှင့်အဓမ္မ ခွဲခြားသိပြီး အတ္တနှင့်ပရ မျှတသော လူတစ်ဦးချင်စီ လုံခြုံချမ်းသာတွင် ရပ်တည်နေရန်အတွက် ဒီမိုကရေစီစနစ်သာလျှင် မရှိမဖြစ် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာဌာနဆိုင်ရာများက လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ပြစ်မှု ပြစ်ဒဏ်နှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် ပြည်သူများ ပူးပေါင်းဆောင်ရွက်မည့် သိကောင်းစရာများကိုလည်းကောင်း၊ လမ်းမကြီးဆိုင်ရာဥပဒေနှင့် ရှေ့ဆက်ဖောက်လုပ်သွားမည့် လမ်းကြောင်းနှင့် လမ်းကွန်ယက်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် မယင်းကျေးရွာ၊ ရှမ်းရွာကြီးကျေးရွာ၊ ပေပင်ချောင်ကျေးရွာ၊ ရွှေတန်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ အဝိုင်းကျေးရွာ၊ ကလိတပ်ကလေးကျေးရွာ စသည့်ကျေးရွာအုပ်စုများအတွင်းရှိ ဒေသခံပြည်သူများက ကျေးရွာချင်းဆက်လမ်းနှင့် တံတားများအဆင့်မြှင့် တင်ဆောင်ရွက်ပေးရန်၊  မယင်းရွာမအလယ်တန်းကျောင်းတွင် ကျောင်းအုပ်ရရှိရန်၊ ဆရာ/ဆရာမ အင်အားဖြည့်ဆည်းပေးရန်နှင့် ကျောင်းသန့်စင်ခန်းများ ဆောက်လုပ်ပေးနိုင်၊ အဝိုင်းကျေးရွာအုပ်စု အလယ်တန်းကျောင်းခွဲ ကျောင်းဆောင်သစ်ချထားပေးရန်၊ ရှမ်းရွာကြီးကျေးရွာ လက်ရှိကျောင်းမြေနေရာသည် ကျောင်းသားအင်အားများပြားလာသဖြင့် ကျောင်းမြေနေရာထပ်မံဆောင်ရွက်ပေးရန်၊ မယင်းရွာမတွင် ဆေးပေးခန်းဆောက်လုပ်ပြီးသဖြင့် ဖွင့်လှစ်ပေးရန်နှင့် ကျန်းမာရေးဝန်ထမ်းများထားရှိပေရန်၊ သိမ်းဆည်း‌မြေ၊ စာကျက်မြေ၊ ပြန်လည်စွန့်လွှတ်မြေဆိုင်ရာ ကိစ္စရပ်များ၊ ရွှေတန်ကျေးရွာလျှပ်စစ်မီးရရှိရေးဆိုင်ရာကိစ္စရပ်၊ မောင်မခေါ်ချောင်းရိုး တူးဖော်ပေးရန်၊ ကလိ-တပ်ကလေးကျေးရွာတွင် ဘောလုံးကွင်းတစ်ကွင်း ဆောင်ရွက်ပေးရန်၊ ရှမ်းရွာကြီးကျေးရွာချောင်း ရေစီးရေလာကောင်းမွန်စေရေး တူးဖော်ဆောင်ရွက်ပေးရန် စသည်တို့ကို တင်ပြကြရာ ၀န်ကြီးချုပ်မှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်‌ရွှေ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မယင်းကျေးရွာ၊ ရှမ်းရွာကြီးကျေးရွာ၊ ပေပင်ချောင်ကျေးရွာ၊ ရွှေတန်ကျေးရွာ၊ ပေါက်တောကျေးရွာ၊ အဝိုင်းကျေးရွာ၊ ကလိတပ်ကလေးကျေးရွာ စသည့်ကျေးရွာအုပ်စုများမှ ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦး ကျော်တက်ရောက်ကြကြောင်း သတင်းရရှိသည်။