Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဝေါမြို့နယ်မြစ်ကျိုးကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဝေါမြို့နယ်မြစ်ကျိုးကျေးရွာတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၁၅ (ဝေါ)
——————————

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီအချိန်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်ရီရီထိုက်၊ တိုင်း ခရိုင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာ မြို့မ‌‌ေကျာင်းကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့်‌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှုး ဒေါက်တာကိုဦးက အဆုတ်ရောင်ရောဂါဖြစ်ပွားမှု၊ ကုသမှု၊ ကြိုတင်ကာကွယ်မှုများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရမှူး ဦးနိုင်ဦးမှ သီးနှံစိုက်ပျိုးမှုဆိုင်ရာ ကိစ္စရပ်များနှင့် ဈေးကွက်ရရှိမှု အ‌ခြေအနေများကိုလည်းကောင်း၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသီးသီးရှင်းလင်းပြောကြား ပေးကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက အောက်ဂွေ့ကြီးကျေးရွာရှိ ချောင်းကမ်းပါးပြိုကျနေမှုအား ကာကွယ်နိုင်ရေး စစ်တောင်းမြစ်လက်တက်အား ချောင်းဖြောင့်တူးပေးရန်၊ ပုံဂံကျေးရွာအုပ်စု၊ တာစုကျေးရွာနှင့် သံမှိန်းကုန်းတောင်ကွင်း ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန်၊ အဘားကျေးရွာ၊ ကရင်စုကျေးရွာ၊ ဖိုးဦးစိန်ကျေးရွာ၊ အညာစုကျေးရွာနှင့် သူဌေးကုန်းကျေးရွာ လျှပ်စစ်မီးရရှရေး ဆောင်ရွက်ပေးရန်၊ အုတ်ဖို(၁)ကျေးရွာ၊ အုတ်ဖို(၂)ကျေးရွာ၊ ကျောက်ပုံ(၃)ကျေးရွာတို့မှ NEP စီမံကိန်း ကြန့်ကြာနေမှုအား ဖြေရှင်းပေးရန်၊ ရှမ်းကိုင်းကျေးရွာ စားကျက်မြေကိစ္စ ဖြေရှင်းပေးရန်၊ တနော်ကျွန်းကျေးရွာ မီးလင်းရေးကိစ္စများ ဖြေရှင်းပေးရန်၊ လက်ပန်ကျေးရွာ မြေနုကျွန်းကိစ္စ ဖြေရှင်းပေးရန်၊ ဆင်ရွာ-မြစ်ကျိုးလမ်း အပိုင်းပိုင်း ပြတ်ထွက်နေရာများအား ရေထွက်ပေါက်များနှင့် တံတားအငယ်စားများ တည်ဆောက်ပေးရန်နှင့် မြစ်ကျိုးကျေးရွာအတွင်း နွေးစပါးစိုက်ပျိုးနိုင်ရန် ဆည်ရေသောက်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြောင်း သတင်းရရှိသည်။