Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ်၊ စစ်ပင်ဆိပ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့နယ်၊ စစ်ပင်ဆိပ်ကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဖေဖော်ဝါရီ ၁၆ (ပဲခူး)
=================

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ မွန်းလွဲ(၁၂:၃၀) အချိန်က ပဲခူးမြို့၊ စစ်ပင်ဆိပ်ကျေးရွာ၊ အကျွတ်အလွတ် သိဒ္ဓိရှင်ဗုဒ္ဓရုပ်ပွားတော် ရင်ပြင်တော်ပေါ်၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူ့အစိုးရပီပီ ပြည်သူလူထုအတွင်း၌ ဖြစ်ပေါ်လျက်ရှိသော အခက်အခဲ၊ ပြဿနာများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်၊ ခေတ်အဆက်ဆက် အစိုးရနှင့်ပြည်သူ အလှမ်းကွာဝေးခဲ့ရကြောင်း၊ မိမိတို့ ဒီမိုကရေစီအစိုးရလက်ထက်တွင် နယ်မြေဒေသအလိုက် ပြည်သူလူထုနှင့် ထိတွေ့ပြီး မိသားစုအသွင်သဏ္ဍာန် ပွင့်ပွင့်လင်းလင်း တွေ့ဆုံညှိနှိုင်းကာ ဒီမိုကရေစီစနစ်နှင့်အညီ အားလုံးပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် အစိုးရနှင့်ပြည်သူ တစ်သားတည်းလက်တွဲ၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ပူးပေါင်းဆောင်ရွက်နိုင်ရန် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာများက Corona virus အဆုတ်ရောင်ရောဂါအကြောင်းနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ အမြန်လမ်းမကြီး ဥပဒေနှင့် လမ်းများထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးမှ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် ဒေသခံပြည်သူများမှ ဘောနတ်ကြီးကျေးရွာ၊ သူဌေးကုန်းကျေးရွာ၊ စစ်ပင်ဆိပ်ကျေးရွာ၊ လှော်ကားကျေးရွာနှင့် လက်ပံခုန်းကျေးရွာတို့မှ ပညာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ သူဌေးကုန်းကျေးရွာ ကျန်းမာရေးဆေးပေးခန်း ဖြည့်ဆည်းပေးရန်၊ လှော်ကားကျေးရွာ၊ လက်ပံခုန်ကျေးရွာ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးရန်၊ သူဌေးကုန်းကျေးရွာမှ အိမ်ထောင်စုသန်းခေါင်စာရင်းနှင့် မှတ်ပုံတင်များ ပြုလုပ်ပေးရန်၊ သူဌေးကုန်း-ပဲခူးဆက်သွယ်ရေးလမ်း တံတားပျက်စီးမှုအား ပြင်ဆင်ပေးရန်၊ စစ်ပင်ဆိပ်ကျေးရွာ အဝင်လမ်းအား ကွန်ကရစ်လမ်း ခင်းပေးရန်၊ လှော်ကား-စီထိုကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ပေးရန်၊ စစ်ပင်ဆိပ်-လက်ပံခုန် ကျေးရွာချင်းဆက်လမ်းအား ဂဝံလမ်းခင်းပေးရန်၊ ဘောနတ်ကြီးကျေးရွာ ယာဉ်ရပ်နားစခန်း၌ ဒေသထွက်သီးနှံများ ရောင်းချနိုင်ရေး ကျေးရွာသူ/သားများအတွက် ဆိုင်ခန်းနေရာသတ်မှတ်ချထားပေးရန်၊ အမြန်လမ်းဖောက်လုပ်ရာတွင် ဆုံးရှုံးသွားမည့် မြေယာနစ်နာကြေး ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ အမြန်လမ်း၏ ချဉ်းကပ်လမ်းအား ကျောက်ချောလမ်းခင်းပေးရန်၊ ဘောနတ်ကြီးကျေးရွာ သင်္ချိုင်းမြေနေရာအား မြေညီမြေပြန့်ဖြစ်အောင် ဆောင်ရွက်ပေးရန်၊ စစ်ပင်ဆိပ်ကျေးရွာ တပ်သိမ်းမြေများ ပြန်လည်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ လက်ပံခုန်ကျေးရွာရှိ လယ်ယာမြေများအတွက် ထုတ်ပေးထားသည့် ပုံစံ(၇)များ ပြင်ရာဖျက်ရာများရှိနေ၍ ပြန်လည်ကွင်းဆင်းစစ်ဆေး၍ အသစ်ပြန်လည်ထုတ်ပေးရန် စသည်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။