Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား

ဝန်ကြီးချုပ် ဦးဝင်းသိန်း စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား

ဖေဖော်ဝါရီ ၂၁ (ရေတာရှည်)
————————————-

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နေ့လယ်(၁:၃၀)နာရီအချိန်က ဌာနဆိုင်ရာများနှင့်အတူ စစ်တောင်းမြစ်ကူးတံတား (ရေတာရှည်) တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်၌ ဝန်ကြီးချုပ်နှင့်အဖွဲ့အား စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)ကို တာဝန်ယူတည်ဆောက်နေသည့် တံတားအထူးအဖွဲ့(၆)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းလွင်နှင့် ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတိုးတိုးက စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်) တည်ဆောက်ခြင်းနှင့် ချဉ်းကပ်လမ်းဖေါက်မည့် လုပ်ငန်းစဉ်များနှင့်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး တံတားတည်ဆောက်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ စစ်တောင်းမြစ်ကူးတံတား(ရေတာရှည်)သည် ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာအနီး ရေတာရှည်-ကရင်ချောင်း-လိပ်သိုသွားကားလမ်းပေါ်ရှိ စစ်တောင်းမြစ်ကိုဖြတ်၍ အရှည်(၈၀၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၂၄)ပေ၊ လူသွားလမ်းအကျယ်တစ်ဖက်လျှင်(၃)ပေစီ၊ သံကူကွန်ကရစ်တံတား အမျိုးအစားအဖြစ် ၂၀၁၈ခုနှစ်၊ မေလ(၂၈)ရက်နေ့မှစတင်ကာ ဘဏ္ဍာရေးနှစ်အလိုက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးခွင့်ပြုရန်ပုံ‌‌ငွေ စုစုပေါင်းကျပ်သန်း (၅၅၄၂)သန်းဖြင့် တည်ဆောက်လျှက်ရှိသော တံတားတစ်စင်းဖြစ်သည်။
ယခုအခါအဆိုပါ မြစ်ကူးတံတားသည်(၇၂)ရာခိုင်နှုန်း ပြီးစီးနေပြီး ၂၀၂၀ ခုနှစ်ဩဂုတ်လတွင် တည်ဆောက်ရေးလုပ်ငန်းခွင် လုပ်ငန်းအားလုံး ပြီးစီးရန်လျာထားကာ လုပ်ငန်းအားလုံးပြီးစီးသွားပါက ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်များသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။