Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးတက္ကသိုလ်၌ သိမ်းဆည်းခံ လယ်သမားများနှင့်တွေ့ဆုံညှိနှိုင်း

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးတက္ကသိုလ်၌ သိမ်းဆည်းခံ လယ်သမားများနှင့်တွေ့ဆုံညှိနှိုင်း

မတ် ၁၆ (ပဲခူး)
==================

မတ်လ(၁၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီအချိန်က ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ပါဝင်သွားသည့် သိမ်းဆည်းခံ လယ်သမားများအား ပဲခူးတက္ကသိုလ်၌ တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတက္ကသိုလ်ဧရိယာအတွင်း ပါဝင်သွားသည့် သိမ်းဆည်းခံ လယ်ယာမြေများနှင့်ပတ်သက်၍ ကဏ္ဍတစ်ခုချင်းအလိုက် ညှိနှိုင်းဖြေရှင်းပေးရန် လာရောက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ယခင်ခေတ်ကာလအချိန်တုန်းက ပဲခူးတက္ကသိုလ် တည်ဆောက်ရန် သိမ်းဆည်းခဲ့သော်လည်း သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနမှ နစ်နာကြေး၊ လျော်ကြေး ပေးလျော်ခဲ့ခြင်းမရှိသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ယခုအခါ အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်ရန် လျာထားခဲ့သည့် မြေဧရိယာ(၁၆၀)ဧကအတွင်း နစ်နာခဲ့ရသည့် တောင်သူများအား ပညာရေးဝန်ကြီးဌာနမှ သတ်မှတ်သည့် တစ်ဧကနှုန်းထား ငွေကျပ်သိန်း(၃၀)နှင့် မိမိတို့ပဲခူးတိုင်းဒေသကြီးအစိုးရမှ ထပ်မံ၍ (၄၀×၆၀)ပေ မြေကွက်(၁)ကွက် ခွင့်ပြုချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် သက်ဆိုင်ရာတောင်သူများမှလည်း တစ်ဖွဲ့ချင်းအလိုက် တင်ပြပေးရန် ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် သိမ်းဆည်းခံတောင်သူများက အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်ရာတွင် ပါဝင်သွားသည့် လယ်ယာမြေများအတွက် မြေစစ်မှုဝါဒ(၅၂)ချက်နှင့်အညီ ပြန်လည်စိစစ်ဆောင်ရွက်ပေးရန်ကိုလည်းကောင်း၊ ပဲခူးတက္ကသိုလ်မြေအဖြစ် စတင်သိမ်းယူစဉ်က လာဂမို့ကျေးရွာရှိ အိမ်ခြေများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လယ်ယာမြေများ ပါဝင်သွားမှုအား စိစစ်ဆောင်ရွက်ပေးရန်တို့အား အသီးသီးတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပညာရေးဝန်ကြီးဌာန ထပ်မံညှိနှိုင်း ဆောင်ရွက်ပေးရမည့် အချက်များနှင့် ဗဟိုမြေစစ်ကော်မတီသို့ ထပ်မံတင်ပြပေးရမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အဖွဲ့သည် ပဲခူးတက္ကသိုလ်မြေအဖြစ် စတင်သိမ်းယူစဉ်က လာဂမို့ကျေးရွာရှိ အိမ်ခြေများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လယ်ယာမြေများ ပါဝင်သွားမှုနှင့် အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) တည်ဆောက်လျက်ရှိသည့် မြေနေရာများသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး(၈)၊ ကွင်းအမှတ်(၆၂၆)၊ ဘုရားသုံးဆူကွင်းနှင့် အထက်စီတီး အနောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၁၇)၊ ဘုရားသုံးဆူကွင်း၊ မြေဧရိယာ(၇၁၈.၆၅)ဧကအား ပဲခူးတက္ကသိုလ်မြေအဖြစ် ၁၉၉၅ ခုနှစ်၊ မေလ(၁၆)ရက်နေ့တွင် ပဲခူးတက္ကသိုမြေအဖြစ် သိမ်းဆည်းခဲ့ပြီး၊ ယခုအခါ အဆိုပါမြေဧရိယာအနက်မှ မြေဧရိယာ(၁၆၀)ဧကအား အစိုးရစက်မှု၊လက်မှုသိပ္ပံ(ပဲခူး) မြေအဖြစ် အသုံးပြုခြင်းဖြစ်ကြောင်းသည်။
အဆိုပါ ညှိနှိုင်းပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ် ဧရိယာအတွင်း သိမ်းဆည်းခံ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။