Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ရှိ facility quarantine စခန်းသို့ သွားရောက်ကြည့်ရှုအားပေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ရှိ facility quarantine စခန်းသို့ သွားရောက်ကြည့်ရှုအားပေး

မေ ၃၁ (ပဲခူး)

==================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနဦးစီးမှူး၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မေလ (၃၁)ရက်နေ့ မွန်းလွဲ(၂)နာရီက ပဲခူးမြို့ တပ်မ(၇၇)အနီး အသောက ဘုန်းတော်ကြီးကျောင်းရှိ နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းအား သွားရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားကြောင်း သိရသည်။
ရှေးဦးစွာ အသောက ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်အား ကန်တော့၍ ဘုန်းတော်ကြီးကျောင်းတွင် နေရပ်ပြန်များထားရှိမှုနှင့်ပတ်သက်၍ လျောက်ထားမေးမြန်းခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါ နေရပ်ပြန်ပြည်သူများအား စောင့်ကြပ်ကြည့်ရှုပေးနေသော စေတနာ့ဝန်ထမ်းအဖွဲ့ကို တွေ့ဆုံကာ အားပေးစကားများပြောကြားပြီး လိုအပ်သည်များကို မိမိတို့အစိုးရအနေဖြင့် ထောက်ပံကူညီပေးရန် ရှိကြောင်းနှင့် စေတနာ့ဝန်ထမ်းများအနေဖြင့် မိမိတို့ကျန်းမာရေးကို အထူးဂရုပြုရန်၊ ယခုကဲ့သို့ နေအိမ်သို့မပြန်ပဲ တစ်ထောင့်တစ်နေရာမှ ကိုယ်ကြိုးစွန့် ကူညီပေးနေမှုအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပေးသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ နေရပ်ပြန်ပြည်သူ (၂၄၀၀၀)ကျော် ပြန်လည်ဝင်ရောက် လာကြောင်း သိရပြီး အဆိုပါနေရပ်ပြန်ပြည်သူများအတွက် facility quarantine စောင့်ကြပ်ကြည့်ရှုပေးရန် volunteer (၂၃၃၂)ဦးခန့်စာရင်းရှိကြောင်း ပဲခူးမြို့မှာ စောင့်ကြပ်ကြည့်ရှု ပေးနေတဲ့ volunteer များအတွက် စားဝတ်နေရေးအထောက်အပံ့ ဖြစ်စေလိုတဲ့ရည်ရွယ်ချက်နဲ့ ထောက်ပံကြေးငွေ (၁၃)သိန်းကျော် ကိုလည်း မေလ(၂၉)ရက်နေ့ ညနေက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရးနှင့် အရေးပေါ်ထုတ်ပြန်ရေးကော်မတီမှ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။