Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

ဇွန် ၂၇ (ပြည်)
——————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇွန်လ(၂၇)ရက်နေ့ နံနက်(‌၉)နာရီအချိန်က ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဇော်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပြည်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုမှ ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုနှင့်ပတ်၍ လိုက်လံရှင်းလင်းပြသရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်တက္ကသိုလ်ဘက်စုံသုံး ခန်းမသည် နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာန၊ တည်ဆောပ်ရေး(၁)၊ အဆောက်အဦးအထူးအဖွဲ့(၃)မှ တာဝန်ယူကာ (၁၉၀’×၁၆၄’)(၃)ထပ် RCC အဆောက်အဦအဖြစ် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ပြည်မြို့ ကိုးသောင်းဈေးသို့သွားရောက်ပြီး ဈေးအတွင်းလှည့်လည်ကြည့်ရှုကာ ဈေးရောင်း ဈေးဝယ်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ပြီး နှာခေါင်းစည်း မတပ်ဆင်ထားသူများအား နှာခေါင်းစည်းများကို ဝေငှပေးခဲ့ကြောင်း သတင်းရရှိသည်။