Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်အိတ်(၅၀၀) လာရောက်ထောက်ပံ့လှူဒါန်း

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်အိတ်(၅၀၀) လာရောက်ထောက်ပံ့လှူဒါန်း

ဇူလိုင် ၁၅ (ပဲခူး)
===================

ဇူလိုင်လ(၁၅)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ဆန်အိတ်(၅၀၀) လာရောက်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းက မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံပြီး စက်မှုနိုင်ငံတော်တည်ဆောက်ရန် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ လုပ်ငန်းဆောင်ရွက်ချက်များသည် တစ်ဘက်တစ်လမ်းမှ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေလို တောင်သူလယ်သမားဘ၀များနှင့်လည်း တိုက်ရိုက်သက်ဆိုင်လျက်ရှိ၍ အလွန်အရေးပါသည့် ပုဂ္ဂလိက အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ ဆန်စပါးအသင်းချုပ်အနေဖြင့် ကြားခံပွဲစားစနစ် ပပျောက်ရေးနှင့် တိုက်ရိုက်ဝယ်ယူသည့်စနစ်ကို ဦးတည်ဆောင်ရွက်မှသာ တောင်သူလယ်သမားများ၏ ဘ၀များ ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဆန်စပါးစျေးကွက် ရှာဖွေရေး၊ စျေးကွက်ခိုင်မာမှုရှိရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးစသည့် အခြေခံအချက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က မြန်မာနိုင်ငံ့အတွင်း ဆန်းစပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေမှု၊ အဆင့်မြင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီစဉ်နေမှု၊ ဆန်စက်များ၊ သိုလှောင်ရုံများအတွက် အသိအမှတ်ပြု လက်မှတ်ပေးနိုင်ရန်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များနှင့် ခရိုင်အလိုက် စပါးစိုက်ပျိုးသူ ဒေသကိုယ်စာလှယ်တို့က စက်မှုစီးပွားဂရန်ရရှိိရေး၊ စိုက်ပျိုးရေ ရရှိရေး၊ မြေအသုံးချခွင့် ရရှိရေးနှင့် ချေးငွေရရှိရေးစသည့်တို့အား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအတွင်း Covid-19 ကာလအတွင်း Facility Quarantine များတွင် အသုံးပြုနိုင်ရေး ဆန်အိတ်(၅၀၀)အိတ်အား ပေးအပ်လှူဒါန်းရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်‌ရွှေတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် နေရပ်ပြန် ပြည်သူများ ကြိုဆိုရေးနှင့် ပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်နေ အလှူရှင်(၂)ဦးမှ လှူဒါန်းငွေကျပ်သိန်း(၅၀)အား ဝန်ကြီးချုပ် ဦးဝင်းသိန်းထံ လာရောက်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းများလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။