Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

နိုဝင်ဘာ ၁၇ (ပဲခူး)
==================

နိုဝင်ဘာလ (၁၇)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့တော်ခန်းမ၌ ပြည်သူလူထုနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး(၃)ရပ်ဟာ အရေးပါလှပြီး အပြန်အလှန် အမှီပြုနေတာလည်း တွေ့ရမှာဖြစ်ကြောင်း၊ ဒီမိုကရေစီ စနစ်အရ ပြည်သူများရဲ့ အခန်းကဏ္ဍဟာ အထူးအလေးထားရမှာဖြစ်ပါကြောင်း၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှု (Public Participation) ကောင်းလေ လုပ်ငန်းများ ပိုမို
အောင်မြင်လေဖြစ်ပြီး ဒီလိုဆောင်ရွက်ရာမှာ Media များရဲ့ ပံ့ပိုးကူညီမှုဟာလည်း များစွာ အရေးပါတာကို တွေ့ရမှာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖြတ်သန်းလာခဲ့ကြရတဲ့ နိုင်ငံရေး အုပ်ချုပ်ရေး သမိုင်းကြောင်းတွေအရ တစ်ချို့နေရာတွေမှာ တရားဥပဒေ စောင့်ထိန်းလိုက်နာမှု စည်းကမ်းမရှိမှု၊ အသိအပြင် အတွေ့အကြုံနည်းပါးမှု၊ လုပ်ငန်းဆောင်ရွက်မှု အပေါ် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ ဝေဖန်မှု ကန့်လန့်တိုက်မှုတွေလည်း တွေ့ကြုံရလျက်ရှိကြောင်း၊ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ မရင့်ကျက်မှုတွေကို စိတ်မပျက်ဘဲ အပြောင်းအလဲ တစ်ရပ်ကို အောင်မြင်အောင် ဇွဲရှိရှိနဲ့ ချီတက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ “ပြည်သူနဲ့အတူ” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူများနားလည်အောင်၊ ပူးပေါင်းအောင်၊ ဥပဒေလေးစားလိုက်နာအောင် ကြိုးစားဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်က ဒီမိုကရေစီ၏ အနှစ်သာရသည် လူကိုတန်ဖိုးထားခြင်းဖြစ်ကြောင်း၊ မိမိတို့၏ လူအဖွဲ့အစည်းသည် စည်းကမ်းနှင့်အညီ နေထိုင်၊ ပြောဆို၊ လုပ်ကိုင်တတ်ရန် အရေးကြီးပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှသာ ဒီမိုကရေစီ၏ အကျိုးကျေးဇူးကို ခံစားရမှာဖြစ်ကြောင်း၊ မိမိတို့၏ အစိုးရအနေဖြင့် ဒီမိုကရေစီလူ့အသိုင်းအဝန်းတစ်ခုကို ဖော်ဆောင်ရာတွင် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပြည်သူများ၏ လမ်း/တံတားစသည့် အခြေခံအဆောက်အဦ လိုအပ်ချက်များ၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များအား တင်ပြခဲ့ရာ ဝန်ကြီးချုပ်ဦးဝင်းသိန်းမှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အုတ်ဖိုမြို့ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရှိသည်။