Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှု့အားပေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား ကြည့်ရှု့အားပေး

ဇန်နဝါရီ ၂၈ (ပဲခူး)
————————–

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီလ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်တို့နှင့်အတူ ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ‌ပေးမှု အခြေအနေများကို သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးမြို့ အ‌ထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်နှင့် ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသူဇာအောင်တို့က ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေ၊ ဆက်လက်ထိုးနှံပေးရန် ကျန်ရှိနေမှုအခြေအနေနှင့် ကာကွယ်ဆေး၏ သက်ရောက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားပြီး ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါကာကွယ်ဆေးထိုးခြင်းကို ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈)မြို့နယ်တွင် သက်ဆိုင်ရာ မြို့နယ်များရှိ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၌ ကျန်းမာရေးဝန်ထမ်း (၇၇၄၇)ဦးအား ဇန်နဝါရီလ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ ပထမအကြိမ် ကနဦးထိုးနှံပေးခြင်းဖြစ်ပြီး ဆက်လက်၍လည်း သတ်မှတ်ထားသည့် ဦးစားပေးအစီအစဉ်အတိုင်း COVID-19 ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့တွင် ကာကွယ်ဆေးစုရပ်များအနေဖြင့် အထွေထွေရောဂါကုဆေးရုံကြီး၊ ဆေးရုံဝန်းအတွင်းရှိ သံဃာဆေးကုသဆောင်၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနရုံး၊ ပဲခူးမြို့နယ် ဒေသန္တရကျန်းမာရေးဌာနနှင့် ဥဿာမြို့သစ်ရှိ ဒေသန္တရကျန်းမာရေးဌာနတို့တွင်ထားရှိကာ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၇၇၄၇)ဦးအနက် ပထမနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား (၅၄၄၈)ဦးထိုးနှံပေးခဲ့ပြီး ယနေ့ဒုတိယနေ့တွင်လည်း ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။