Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပေါင်းတည်မြို့၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပေါင်းတည်မြို့၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ဧပြီ ၂၅ (ပေါင်းတည်)
===================

ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ (၂၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပေါင်းတည်မြို့၊ ဘိုးဘွားရိပ်သာ စိန်ရတုခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီမိုကရေစီလူ့အသိုက်အဝန်း တည်ဆောက်ရာတွင် မတူကွဲပြားမှုများကို လက်ခံယုံကြည်စုစည်းပြီး အားတစ်ခုအဖြစ်ဖန်တီးကာ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ဝိုင်းဝန်းတည်ဆောက်ရန်လိုအပ်ကြောင်း၊ ပြဿနာများ ဖြေရှင်းရာတွင်လည်း မေတ္တာတရားကို အခြေခံပြီး ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်းကသာ ဒီမိုကရေစီလူ့ယဉ်ကျေးမှုတစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် လမ်းညွှန်မှာကြားခဲ့တာရှိကြောင်း၊ မည်သို့ပင် လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း ကွဲပြားနေသော်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး အစိုးရ၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထုအားလုံး တာဝန်ရှိကြောင်းနှင့် အရာရာတွင် ပညာပျက်စိဖြင့် ကြည့်မြင်၍ ပြဿနာကို ဝိုင်းဝန်းစဉ်းစား ဖြေရှင်းနည်းအား အနာဂတ်မျိုးဆက်များအတွက် နည်းမှန်လမ်းမှန်များ ချန်ထားခဲ့ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကုန်ထုတ်လမ်းများ ဖော်ဆောင်ပေးရန်၊ ရေထွက်ပေါက်များ ပြုလုပ်ပေးရန်၊ စက်ရေတွင်းတူးဖော်ပေးရန်၊ စိုက်ပျိုးရေးအတွက် လုံလောက်သော စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးရန်၊ လယ်ယာမြေများ ရေကြီးနစ်မြှုပ်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသဖြင့် ရေမြောင်းများ၊ ရိုးချောင်းများ ပြန်လည်တူးဖော်ပေးရန်၊ ကျေးလက်တံတားတည်ဆောက်ပေးရန်၊ သိမ်းဆည်းလယ်ယာမြေနှင့်ပတ်သက်၍ လျော်ကြေးငွေများ ပြန်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန်၊ ကျေးရွာချင်းဆက်လမ်းများ နယ်နိမိတ်ပြန်လည်သတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်၊ ပေါင်းတည်-မှတ်တိုင်-ပေါက်တော(၁၀)မိုင်(၃)ဖာလုံလမ်းအား လမ်းဦးစီးပိုင်လမ်းအဖြစ် သတ်မှတ်၍ အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရန်၊ ပေါင်းတည်ဆေးရုံအား အဆင့်တိုးမြှင့်ပေးရန်(သို့) ဆေးကုသဆောင်အား တိုးချဲ့တည်ဆောက်ပေးရန်၊ ဆေးရုံအတွက် သီးခြား လျှပ်စစ်မီးလိုင်း သွယ်တန်းပေးရန်နှင့် ပေါင်းတည်မြို့ပတ်လမ်းများ ပြန်လည်ဖော်ထုတ်ဆောင်ရွက်ပေးရန်၊ မှတ်တိုင်တိုက်နယ်ဆေးရုံအား အသစ်ပြန်လည်တည်ဆောက်ပေးရန်၊ ဆင်းရဲသားပြည်သူများအတွက် (၁၆)ကုတင်ဆံ့မျက်စိကုသရေး ကုသိုလ်ဖြစ်ဆေးရုံကို အခွန်ငွေစည်းကြပ်မှုအား လျော့ပေါ့ပေးရန်၊ ကျေးရွာစာသင်ကျောင်းများတွင် ဆရာ/ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်၊ မူလတန်းကျောင်းများ အဆင့်တိုးမြှင့်တင်ပေးရန်၊ ကျေးလက်မီးလင်းရေး ဆောင်ရွက်ပေးရန်၊ မူးယစ်ဆေးဝါးဖြန့်ဖြူးသုံးစွဲမှု တားဆီးပေးရန်၊ တရားဥပဒေစိုးမိုးရေးမှုရှိရေး စီမံဆောင်ရွက်ပေးရန်တို့တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်က လိုအပ်ချက်များသည် နေရာတိုင်းတွင် ဖြစ်ပေါ်လျက်ရှိကြောင်း၊ အစိုးရမှလည်း ရရှိသည့်ဘဏ္ဍာငွေပေါ်မူတည်ပြီး ပြည်သူများ၏ လိုအပ်ချက်များကို အရေးအကြီးဆုံးကစပြီး ဦးစားပေးအလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြုတင်ပြချက်များ ပါဝင်လာသည့်ပေါ် ကျေးဇူးတင်ရှိကြောင်း၊ အောက်ခြေရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာအတွင်း ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြရန်နှင့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ရုံးများသို့ သွားရောက်တင်ပြခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးမှူးအနေဖြင့် တစ်ဦးတည်းဆုံးဖြတ်ဆောင်ရွက်ပါက မှားယွင်းမှုများ ရှိနိုင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ယုံကြည်မှုများ တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများရှိမှသာ မိမိတို့ မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး၊ ပေါင်းတည်မြို့၊ ဘိုးဘွားရိပ်သာသို့ အလှူငွေ (၂၅၀၀၀ဝိ/)ကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။