Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်မြို့နယ်၊ ဝက်ထီးကန်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်မြို့နယ်၊ ဝက်ထီးကန်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

ဧပြီ ၂၆ (ပြည်)
===========================

ပြည်မြို့နယ်၊ ဧပြီလ(၂၆)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ဝက်ထီးကန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ဆောင်ခန်းမ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် စနစ်ဆိုးများကြောင့် အချင်းချင်း ယုံကြည်မှုကင်းမဲ့ကာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရကြောင်း၊ မိမိတို့အစိုးရသည် ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာစေရေးအတွက် မတူကွဲပြားမှုတွေကို လေးစားလက်ခံခဲ့ကြောင်း၊ ဒီလို လက်ခံခဲ့မှုမှတစ်ဆင့် နိုင်ငံရေးစားပွဲဝိုင်းတွေမှာ မေတ္တာတရားအခြေခံပြီး ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဆိုသည်မှာ နိုင်ငံရေးစနစ်၊ လူမှုရေးစနစ်၊ စီးပွားရေးစနစ်များလည်း ပါဝင်သလို နိုင်ငံ့အတွက် အလွန်အရေးပါသော ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးသည်လည်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ကြောင်း၊ ဒီလိုပြုပြင်ပြောင်းလဲမှုကို လက်ခံခြင်းမှသည် လူသားဝါဒကို အခြေခံသော ဒီမိုကရေစီစနစ်ကို ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှာကြားချက်တွင် ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်ခဲ့သဖြင့် ယခုလို တွေ့ဆုံပွဲများတွင် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်ကို ဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဝက်ထီးကန်ကျေးရွာအုပ်စုမှ ဝက်ထီးကန်မြို့ဖြစ်မြောက်ရေး၊ ဝက်ထီးကန် “ကန်” တူးဖော်ခွင့်ရရှိရေး၊ တိုက်နယ်ဆေးရုံ ဓါတ်ခွဲခန်းမှူးနှင့် ဓါတ်ခွဲခန်းသုံးပစ္စည်းများရရှိနိုင်ရေးကိုလည်းကောင်း၊ ဝက်မြေတော်ကျေးရွာအုပ်စုမှ ကျစ်ကန်နှင့် ဒီဒူးဆည်ဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ အင်းဝင်းကျေးရွာအုပ်စုမှ ကျေးလက်လမ်း/တံတားဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ကုန်းဇင်းကျေးရွာအုပ်စုမှ ပိန်းတော၊ ဇီးတော ကျေးရွာလျှပ်စစ်မီးလင်းရေးကိစ္စရပ်များကိုလည်းကောင်း၊ ဝါးရုံဆိပ်ကျေးရွာအုပ်စုမှ အင်းလျား၊ ဝါးရုံဆိပ်၊ ကံကြီးကုန်း ကျောက်ခင်းလမ်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ပျဉ်းမအိုင်အုပ်စုမှ ရွှေပြည်မြေကုမ္ပဏီနှင့် လျှပ်စစ်မီးသွယ်တန်းရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ တလုပ်ပင်ကျေးရွာအုပ်စုမှ ရေလွှဲဆည်အတွင်းမှ လယ်မြေများ ပုံစံ(၇)ရရှိရေး၊ ကျေးလက်လမ်းနှင့် ကုန်ထုတ်လမ်းများဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ လွှဇင်အုပ်စုမှ တောင်သူအချို့ ပုံစံ(၇)မရသေးခြင်း၊ စာသင်ကျောင်းဘောလုံးကွင်းရရှိရေး၊ မြောက်နဝင်းချောင်းအတွင်း ပိတ်ဆွယ်တောများ ရှင်းလင်းပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ သစ်ချိုပင်ကျေးရွာအုပ်စုမှ စိုက်ပျိုးရေးရရှိရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ ကံကျိုးကျေးရွာအုပ်စုမှ လေထပ်ပြင်လယ်ယာမြေကိစ္စရပ်များကိုလည်းကောင်း၊ လွှဇင်ကျေးရွာအုပ်စုမှ ဆီဆုံကုန်းကြီးစျေးရွာ ကျေးရွာအမည်ပေါက်ရရှိရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ လွှတ်တော်ကိုယ်လှယ်၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။