Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ပါဝင်သွားသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ပါဝင်သွားသည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ဇွန် ၃ (ပဲခူး)
==========================

ဇွန်လ (၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်ဧရိယာ ပေ(၁၀၀)ပတ်လမ်းအတွင်း ပါဝင်သွားသည့် သီးနှံများနှင့် နှစ်ရှည်ပင်များအတွက် သင့်လျော်သည့် နစ်နာကြေးပေးလျော်ခြင်းကို ဆောင်ရွက်ခဲ့ပြီးလည်းဖြစ်ကြောင်း၊ ပြဿနာသည် နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိပြီး ဖြစ်ပေါ်နေသည့် ပြဿနာများကို အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ပူးပေါင်းဆွေးနွေး အဖြေရှာပြီး မျက်နှာချင်းဆိုင် လာရောက်ဖြေရှင်းပေးရခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ၏ အနှစ်သာရသည် လူသားဝါဒကို အခြေခံပြီး ပါဝင်ပတ်သက်သူများအားလုံး ညှိနှိုင်းပေါင်းစပ် အဖြေရှာသည့် စနစ်ပင်ဖြစ်ကြောင်း၊ ယခုလိုလာရောက်ခြင်းနှင့်ပတ်သက်၍ ပြည်သူများအတွက် မိမိတို့အစိုးရမှ ဆောင်ရွက်ပေးရမည့် (သို့မဟုတ်) ညှိနှိုင်းပေးရမည့် အချက်အလက်များကို သိရှိနိုင်ပြီး ပြည်သူများမှလည်း ဘယ်လိုပူးပေါင်းညှိနှိုင်း အဖြေရှာရမည်ကို သိရှိနိုင်စေရန်လည်းကောင်း၊ လေကြောင်းပို့ဆောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါက တိုင်းပြည်ဝင်ငွေ တိုးတက်လာမည့်အပြင် ဒေလေဆိပ်ကို အမှီပြုပြီး ဒေသခံပြည်သူများနေဖြင့် အစားအသောက်၊ ခရီးသွားဝန်ဆောင်မှု စသည့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာနိုင်မည်ဖြစ်ကြောင်းကိုလည်းကောင်း ပြောကြားခဲ့သည်။
ထို့နောက် ဥဿာမြို့သစ်(၅)ရပ်ကွက်နေ ဦးဝင်းမောင်က လေဆိပ်ဧရိယာအတွင်း ပါဝင်သွားသည့် လယ်ယာမြေသိမ်းဆည်းခံရမှုကိုလည်းကောင်း၊ ဆပ်ပြာကျင်းကျေးရွာနေ ဦးကိုကိုနိုင်က လေဆိပ်စီမံကိန်းအတွင်း စာရင်းကောက်ယူရာတွင် မှားယွင်းလွဲချော်မှုရှိခဲ့ပါက အမှန်တကယ် နစ်နာသူများအတွက် ပြန်လည်စိစစ်ပေးရန်ကိုလည်းကောင်း၊ မဇင်းရပ်ကွက်နေ ဦးဇေယျာဝင်းက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် ဥယျာဉ်ခြံမြေ(၅)ဧက သိမ်းဆည်းခံရမှုကိုလည်းကောင်း၊ ချမ်းသာကွင်းကျေးရွာနေ ဦးကြီးရွှေက ချမ်းသာကွင်းကျေးရွာမှ ညောင်အင်းသို့သွားသောလမ်းပေါ်ရှိ ဇလပ်ထော်ဆည် လက်တံဖြတ်တံတား ပြုပြင်ပေးရန်ကိုလည်းကောင်း၊ မဇင်းတိုးချဲ့(၁) ရပ်ကွက်နေ ဦးအောင်မြင့်က လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် ဥယျာဉ်ခြံမြေ(၅)ဧက သိမ်းဆည်းခံရမှုကိုလည်းကောင်း၊ ချမ်းသာကွင်းကျေးရွာနေ ဦးလှသောင်းက လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေအတွင်း လေဆိပ်ပတ်လမ်း ပေ(၁၀၀)အတွက် ခြံစည်းရိုးကာရံနေသည့်ကိစ္စကိုလည်းကောင်း၊ မဇင်းတိုးချဲ့ရပ်ကွက်နေ ဒေါ်အုန်းရီက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် မြေအတွက် လျော်ကြေး/နစ်နာကြေး ရရှိနိုင်ရေးကိုလည်းကောင်း၊ ဥဿာမြို့သစ်(၄)ရပ်ကွက်နေ ဦးဝင်းချစ်ဦးက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် ဥယျာဉ်ခြံလယ်မြေအတွက် လျော်ကြေး/နစ်နာကြေး ရရှိနိုင်ရေးကိုလည်းကောင်း၊  ဘောင်းတော်ချကျေးရွာနေ ဒေါ်သဲသဲက လေဆိပ်ခြံစည်းရိုးကာရံရာတွင် နွားတဲကုန်းကျေးရွာနှင့် ဘောင်းတော်ချကျေးရွာသို့ ဆက်သွယ်သွားလာမှု ခက်ခဲနေသည့်ကိစ္စကိုလည်းကောင်း၊ ဘောင်းတော်ချကျေးရွာနေ ဦးကျော်အောင်နှင့် တကူပြွန်ကျေးရွာနေ ဦးတင်မောင်လေးတို့က လေဆိပ်စီမံကိန်းဧရိယာအတွင်း စာရင်းကောက်ယူရာတွင် အဆင့် A,B,C သတ်မှတ်ရာတွင် တန်းတူညီမျှ သတ်မှတ်နိုင်ရေးကိစ္စကိုလည်းကောင်း၊ ဝါးမရမ်းကျေးရွာအုပ်စုနေ ဦးကြည်အေးက လေဆိပ်ပတ်လမ်းပေ(၁၀၀)အတွင်း လျော်ကြေးပေးရာတွင် စိုက်ပျိုးထားသည့် အပင်စာရင်းမှားယွင်းနေမှုကိုလည်းကောင်း၊ ချမ်းသာကွင်းကျေးရွာနေ ဦးအောင်ကြည်က လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်မြေများအတွက် လျော်ကြေး/နစ်နာကြေး ရရှိနိုင်ရေးကိုလည်းကောင်း၊ ဥဿာမြို့သစ်(၈)ရပ်ကွက်နေ ဦးသိန်းထွန်းက လေဆိပ် ပတ်လမ်းပေ(၁၀၀)အတွင်း လျော်ကြေးမရသေးသည့် တောင်သူ(၆)ဦးကိစ္စကိုလည်းကောင်း၊ ဝါးမရမ်းကျေးရွာအုပ်စုနေ ဦးကျော်စိုးက လေဆိပ်စီမံကိန်းဧရိယာအတွင်း ပါဝင်သွားသည့် လယ်မြေနှင့် ဥယျာဉ်ခြံမြေအတွက် လျော်ကြေး/နစ်နာကြေးနှင့်ပတ်သက်၍ မည်သို့စီမံဆောင်ရွက်ထားမှု အခြေအနေကိုလည်းကောင်း၊ ဘောင်းတော်ချကျေးရွာနေ ဦးဆန်းဝင်းက ယခင်လေယာဉ်ကွင်းစီမံကိန်းဧရိယာအတွင်း နှစ်ရှည်ပင်နှင့် ဥယျာဉ်ခြံမြေဧက(၅၀)ခန့် ပါဝင်သွားခြင်းအား လျော်ကြေး/ နစ်နာကြေး ဆောင်ရွက်ပေးမည့် အခြေအနေကိုလည်းကောင်း၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ရော်ဘာအထူးဇုံနေ ဦးဌေးနိုင်က လေယာဉ်ကွင်း ဝင်/ထွက်လမ်းပိတ်ပါက ဝါးမရမ်းကျေးရွာအုပ်စုနှင့် ရော်ဘာအထူးဇုံမှ ခြံရှင်များ သွားလာရေးလမ်း မည်သို့စီမံဆောင်ရွက်ထားကိုလည်းကောင်း၊ အင်းကလေးကျေးရွာနေ ဦးလှိုင်မြင့်က မြေယာပိုင်ဆိုင်မှု အထောက်အထားများ ရရှိလိုကြောင်းကိုလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများက ပြန်လည်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။