Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်း၌လမ်း/တံတားများတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်း၌လမ်း/တံတားများတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အောက်တိုဘာ ၁ (ပဲခူး)
==========================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ (၁)ရက်နေ့၊ ညနေ(၄:၃၀)နာရီအချိန်က ပဲခူးမြို့တွင်း၌ လမ်း/တံတားများတည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ပဲခူးမြို့၊ ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အဝင်လမ်း ကွန်ကရစ်ခင်းနေမှုနှင့် (၆)ထပ်စုပေါင်းရုံးဆောက်လုပ်နေမှုတို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းကလည်းကောင်း၊ (၆)ထပ် စုပေါင်းရုံး ဆောက်လုပ်မှုနှင့်ပတ်သက်၍ စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ပဲခူးမြို့၊ ကုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံ အဝင်လမ်းအား အရှည်(၃၁၀၀)ပေ၊ အကျယ်(၂၈)ပေ၊ ထု (၈)လက်မဖြင့် ကွန်ကရစ်လမ်းအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေကျပ်(၁၉၄.၅) သန်းဖြင့် ပဲခူးတိုင်းဒေသကြီးလမ်းဦ:စီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်းသိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းမှ တံတားဆောက်လုပ်နေသည့် အနေအခြေအသေးစိတ်ကိုရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)သည် ပဲခူးမြို့တွင်းပိုင်း သမိန်ဗရမ်းလမ်းမှတဆင့် ဆံတော်တွင်းလမ်း၊ ၎င်းမှတဆင့် စိန်သာလျှောင်းဘုရားလမ်းနှင့် ပဲခူး-သနပ္ပင်လမ်းမကြီးတို့ကို ချိတ်ဆက်ပေးမည့်တံတားဖြစ်ပြီး ပဲခူးမြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှု လျော့နည်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်အတွက်လည်း အထောက်အကူပြုမည့်တံတားဖြစ်ကြောင်းနှင့် ယင်းတံတားအား ၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ပဲခူးမြို့၊ မဟာမြိုင်လမ်း ပျက်စီးနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး အပိုင်းလိုက်ခွဲပြီး လမ်းပြင်ဆင်နိုင်ရေး၊ ရေနှုတ်မြောင်းများ တည်ဆောက်နိုင်ရေးအတွက် တွက်ချက်တင်ပြရန် တိုင်းဒေသကြီးစည်ပင်သာယာရေး ညွှန်ကြားရေးမှူးအားလမ်းညွှန်မှာကြာခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်သည် ပဲခူးမြို့အထွက်၊ ကလိကျေးရွာအနီး အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်လျက်ရှိသောနေရာသို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက လက်ရှိတွင် မြေသားလမ်း လမ်းအူကြောင်း (၁)မိုင်ခန့်အထိ ဖောက်လုပ်ဆောင်ရွက်လျက်ရှိနေမှု၊ လမ်းဧရိယာ ပေ(၁၈၀)အတွင်း တစ်ဆက်တည်း ရေမြောင်းဧရိယာလည်း သတ်မှတ်တူးဖော်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုဖောက်လုပ်သည့် လမ်းသည် နောင်တစ်ချိန်တွင် သီလဝါနှင့်လည်း ချိတ်ဆက်ဆောင်ရွက်မည့် အဓိက ကုန်စည်စီးဆင်းရာလမ်းတစ်ခုဖြစ်လာနိုင်၍ ယခုအချိန်ကတည်းက လမ်းဧရိယာ၊ လမ်းတစ်ခုတွင် ပါဝင်ရမည့် လမ်းအင်္ဂါရပ်များ ထည့်သွင်းလျာထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာရွှေပုံ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညွန့်ရွှေ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။