Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးလက်ဒေသ အခြေခံလျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

ဝန်ကြီးချုပ် ဦးဝင်းသိန်း ကျေးလက်ဒေသ အခြေခံလျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

အောက်တိုဘာ ၂ (ဘုရားကြီး)
======================

ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက် စက်မှုလယ်ယာသင်တန်းကျောင်း၌ ကျေးလက်ဒေသ အခြေခံလျှပ်စစ် ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၆/၂၀၁၉) သင်တန်းဖွင့်ပွဲအား အောက်တိုဘာလ (၂)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြနှင့် ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် လျှပ်စစ်ကဏ္ဍသည် အလွန်အရေးကြီးလျက်ရှိကြောင်း၊ လျှပ်စစ်လုပ်ငန်းသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပိုမိုအသုံးဝင်လာမည်ဖြစ်ပြီး လုပ်ငန်းခွင်သင်တန်း ကျွမ်းကျင်လာသည်နှင့်အမျှ လျှပ်စစ်ကျွမ်းကျင်မှုဆိုင်ရာ ဒုတိယအဆင့်(ပြင်ပ)ကို သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၏ ထောက်ခံချက်ဖြင့် ဆက်လက်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ယင်းလက်မှတ် ရရှိလာပါက အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်၍ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းတတ်ရောက်စဉ်ကာလအတွင်း စည်းကမ်းရှိစွာ အန္တရာယ်ကင်းကင်းဖြင့် အောင်မြင်စွာတတ်မြောက်နိုင်ရန် ကြိုးစားကြစေလိုကြောင်းနှင့် မိမိဒေသများသို့ ပြန်လည်ရောက်ရှိပါက လျှပ်စစ်နှင့်ပတ်သက်သည့် အသိပညာ ဗဟုသုတများ ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် လျှပ်စစ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်မှ နှုတ်ခွန်းဆက်စကားပြောကြာပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိုးမိုးကျော်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသူများက အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းဆိုင်ရာသင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သင်တန်းသည် လျှပ်စစ်နှင့်ပတ်သက်၍ နေအိမ်၊ အဆောက်အဦများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန် ခရိုင်(၄)ခုမှ (၁)ခရိုင်လျှင် သင်တန်းသား(၁၀)ဦးဖြင့် စုစုပေါင်း(၄၀)ဦးတက်ရောက်ပြီး အောက်တိုဘာလ (၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းတွင် အတွေ့အကြုံရှိပြီးသော လျှပ်စစ်ကျွမ်းကျင်သူများက အနီးကပ်လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လူငယ်များလျှပ်စစ်နှင့်ပတ်သက်သည့်အသိပညာများ၊ အတတ်ပညာများဖွံ့ဖြိုးတိုးတက်လာစေရန်၊ လျှပ်စစ်အသုံးပြု လျှပ်စစ်လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ၌ လုပ်ငန်းခွင်အတွင်းလျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ကြောင့်ထိခိုက်ဆုံးရှုံးမှုမရှိစေဘဲ လုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန်တို့အတွက် ရည်ရွယ်ပြီး ကျေးလက်ဒေသ အခြေခံလျှပ်စစ် ကျွမ်းကျင်မှုရွေ့လျားသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။